စက်တင်ဘာ ၁၃၊ ၂၀၂၀
COVID-19 သံသယလူနာကြောင့် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ လူနေရပ်ကွက်တစ်ခုကို စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ အဝင်အထွက် ပိတ်ဆို့မှု lockdown ချလိုက်ပြီ ဖြစ်သည်။
ရွှေလီမြို့ရှိ အာအိုရှင် ရှီကျီတွင် ကိုဗစ်-၁၉ သံသယ လူနာတစ်ဦးကို တွေ့ရှိပြီးနောက် ကူးစက်ပြန့်ပွားမှု မရှိစေရန် lockdown ချခြင်းဖြစ်သည်ဟု ရွှေလီ ကပ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာသည်။
Lockdown ချသည့် လူနေရပ်ကွက်မှ ပြည်သူများ နေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က လိုအပ်သည်များကို ထောက်ပံ့မည်ဟု ဂလိုဘယ်တိုင်းမ်စ် သတင်းတွင် ဖော်ပြထားသည်။
ပြည်တွင်းကူးစက်မှု မရှိသည်မှာ လချီကြာမြင့်ပြီဖြစ်သော ရွှေလီမြို့တွင် သံသယလူနာသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်ကဲ့သို့ ကူးစက်လာသည် ဆိုသည်ကိုမူ မသိရသေးကြောင်း သတင်းက ဖော်ပြသည်။
ရွှေလီသည် မြန်မာနိုင်ငံ၏ မူဆယ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထိန်းချုပ်ရန် ခက်ခဲသည့် နယ်စပ်မှ တရားမဝင် ဖြတ်ကူးသူများ ရှိနေသည်ဟု အင်တာနက်ပေါ်တွင် ရေးသားမှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အတည်ပြုလူနာ ၂၇၉၆ ဦး ရှိပြီး သေဆုံးသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။
ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ၁၉၄၁ ကီလိုမီတာ ထိစပ်နေပြီး ယူနန်ပြည်နယ် အာဏာပိုင်များက ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အမြင့်ဆုံးတပ်လှန့်ထားကာ ကပ်ရောဂါ ကာလအတွင်း တင်းကျပ်မှုများ လုပ်ဆောင်နေသည်။