စက်တင်ဘာ ၁၀
အိန္ဒိယနိုင်ငံ အီဂတ်ပူရီမြို့က ရွာတစ်ရွာမှာ ကျားသစ်မတစ်ကောင်နဲ့ မွေးခါစကျားသစ်ပေါက်လေး လေးကောင်ဟာ လယ်သမားတစ်ယောက်ရဲ့ တဲထဲရောက်ရှိနေတာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက တွေ့ရှိခဲ့ကြပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက တဲထဲမှာ ကင်မရာတွေတပ်ဆင်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ကာ ကြောက်နေတဲ့ ရွာသားတွေကို အသိပညာတွေ မျှဝေခဲ့ကြပါတယ်။
ကျားသစ်မကြီးဟာ အိန္ဒိယရဲ့ ပြင်းထန်တဲ့မုတ်သုံမိုးကိုရှောင်လိုတဲ့အတွက် ကလေးတွေကိုခေါ်လာခဲ့တာဖြစ်ပြီး ခြောက်ရက်အကြာမှာ တောထဲကို ပြန်သွားခဲ့ပါတယ်။
Eco Echo Foundation က တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားဖြစ်တဲ့ အာရွန်အိုင်ယာက “ လယ်သမားက ကျွန်တော်တို့ကို လှမ်းခေါ်တဲ့အတွက် ရောက်လာခဲ့ကြတာပါ။ ကျားသစ်ပေါက် လေးကောင်ကိုတွေ့ပါတယ်။ ကင်မရာတွေတပ်ဆင်ပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ ဘယ်သူမှမနှောင့်ယှက်စေပဲ သူတို့ကို ထားပါတယ်။ သစ်တောဌာနနဲ့တိုင်ပင်ပြီး မိခင်ကျားသစ်မကြီးနဲ့ သားပေါက်လေးတွေ သူတို့ဘာသာပြန်ထွက်သွားတဲ့အထိ ထား,ထားလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မုတ်သုံမိုးတွေရွာလာတဲ့အတွက် အနီးအနားက တောင်ကုန်းဒေသက ကျားသစ်မကြီးက သူ့ကလေးတွေ လုံခြုံအောင် ဒီမှာလာထားတာပါ။ မိုးစဲသွားတော့ ကလေးတွေကို ပြန်ခေါ်သွားပါတယ်” လို့ဆိုပါတယ်။
အဲဒီနေရာတစ်ဝိုက်မှာ ကျားသစ်တွေကို သိပ်တွေ့ရလေ့မရှိဘူးလို့သိရပါတယ်။ ရွာကလူတွေအနေနဲ့ ကျားသစ်ကို ပထမဆုံးမြင်ဖူးကြတာပါ။ ဒါပေမယ့် ၁၀ ကီလိုမီတာ (ခြောက်မိုင်ကျော် ) ဝန်းကျင်လောက်မှာတော့ ကျားသစ်တွေရှိပါတယ်။
ကျားသစ်တွေ ကြီးလာပြီး ဒေသတစ်ဝိုက်မှာ အတင့်ရဲလာမှာကို ရွာသားတွေက ကြောက်နေခဲ့ပေမယ့် နောက်ဆုံးမှာ ကျားသစ်မကြီးက သူ့ကလေးတွေကို ကိုက်ချီပြီး အေးအေးဆေးဆေးနဲ့ တောထဲကို ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။