စက်တင်ဘာ ၇
အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်ကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်းမှာ စံချိန်တင် မိုးရွာသွန်းမှုနဲ့ ကားတွေပါ ပါသွားနိုင်တဲ့ လေပြင်းတိုက်ခတ်နိုင်တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၆ ရက်မှာ သိပေးလိုက်ပြီး ပြည်သူသန်းပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။
မုန်တိုင်းဟာ ဂျပန်ပြည်မကြီးအနီး ရောက်လာချိန်မှာတော့ တချို့နေရာတွေမှာ အားပျော့သွားခဲ့ပြီး ပင်လယ်ပြင်ဘက် အနောက်ဘက်ကို ဦးတည်သွားခဲ့ပေမယ့် ပြင်းထန်နေဆဲဖြစ်ပါတယ်။
ဟိုင်ရှန်မုန်တိုင်းဟာ တောင်ပိုင်းကျွန်းတွေကို ဖြတ်ကျော်လာပြီးတဲ့နောက် တနင်္ဂနွေနေ့က ကျူရှူးဒေသအနီးရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဒီရေတွေမြင့်တက်လာတာကြောင့် မြေနိမ့်ပိုင်းတွေ အထူးသဖြင့် မြစ်ဝတွေမှာ ရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနကသတိပေးထားပါတယ်။
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အရေးပေါ်ကက်ဘိနက်အစည်းအဝေးအပြီးမှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ည ၁၀ နာရီ မှာ ဟိုင်ရှန်မုန်တိုင်းဟာ မာကူရာဇာကီမြို့ အနောက် ကီလိုမီတာ ၉၀ (၅၆ မိုင်) အကွာကို ဗဟိုပြုနေခဲ့ပြီး လေတိုက်နှုန်းက တစ်နာရီကို ၂၁၆ ကီလိုမီတာ (၁၃၅ မိုင် ) နှုန်းနဲ့ တိုက်ခတ်နေခဲ့တာပါ။ ဒီလေတိုက်နှုန်းအား မော်တော်ကားတွေကို မှောက်သွားနိုင်ပြီး သစ်သားတိုင်တွေ ကျွတ်ထွက်တဲ့အထိ ပြင်းတဲ့အခြေအနေဖြစ်ပါတယ်။
မုန်တိုင်းဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ မျှော်လင့်ရပြီး ကျူရှူးအနောက်ကမ်းရိုးတမ်းကို ဖြတ်ကာ တနင်္လာနေ့မနက်မှာ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်မယ်လို့ မျှော်လင့်ရပါတယ်။