စက်တင်ဘာ ၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်သို့ စက်တင်ဘာလ ၈ ရက်နေ့တွင် သွားရောက်ရန်စီစဉ်ထားမှုကို ကျန်းမာရေးဝန်ကြီးမှ သဘောမတူသဖြင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောသည်။
“ကျွန်မကလည်း မူလကဆိုလို့ရှိရင်တော့ ဒီနေ့ညနေ ရန်ကုန်ဆင်းပြီးတော့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးကိုဆင်းဖို့ရော၊ နောက်ပြီးတော့ ဆိပ်ကြီးခနောင်တိုမှာပဲ နောက်နိုင်ငံတော်အလုပ်တစ်ခုလုပ်ဖို့ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးက ခရီးသွားတာ သဘောမတူဘူးဆိုလို့ ကျွန်မဒါကို ဖျက်သိမ်းလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာချစ်ကိုဟန်၊ We Love Yangon မှဦးမောင်မောင်အေးတို့နှင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
COVID-19 ကပ်ရောဂါကာလတွင် ကျန်းမာရေးဝန်ကြီးဌာနသည်အာဏာအရှိဆုံးဖြစ်တာကြောင့် ညွှန်ကြားချက်ကိုတိတိကျကျလိုက်နာသည့်အနေဖြင့် ခရီးစဉ်အားဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင် လုံခြုံရေးဆောင်ရွက်သူ နေထိုင်သူ နှစ်ဦး၌ COVID-19 ရောဂါတွေ့ရှိခဲ့သည်။၎င်းတို့သည် ကော့မှူးမြို့သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် စီစဉ်မှုများရှိနိုင်ကြောင်း ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကော့မှူးခရီးစဉ်အတွက် သွားပြီးစီစဉ်တာတွေ လုပ်မှာပေါ့ဗျ။ မနေ့ကတည်းက ကျွန်တော်တို့ ကြားနေတာဗျာ။ သူရန်ကုန်လာလို့ရှိရင် တည်းနေကျ ခြံအမှတ် (၅၄) က ပိုးတွေ့တဲ့လူ နှစ်ယောက်တွေ့ထားတယ်။ အဲ့တော့ ဒီဟာအတွက် သိပ်ပြီး Clear မဖြစ်ဘူး။ အဲ့ဒါကြောင့် မသွားစေချင်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
သည်ကနေ့ရက်စွဲဖြင့်ထုတ်ပြန်သောကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကော့မှူးမြို့နယ်မှ COVID-19 အတည်ပြုလူနာ သုံးဦးတွေ့ရှိထားကြောင်းသိရသည်။
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးစတင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် စက်တင်ဘာလ ၈ နေ့မနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးအလံများကို တစ်ပြိုင်နက်စိုက်ထူသွားမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကော့မှူးမြို့သို့ သွားရောက်နိုင်မည်မဟုတ်သော်လည်း ပုံမှန်အတိုင်း စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။