စက်တင်ဘာ ၁
ဖိလစ်ပိုင်က ရုပ်သံလွှင့်မီဒီယာလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ ABS-CBN ဟာ မေလက အခမဲ့ထုတ်လွှင့်ခွင့် လိုင်စင် သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ကြော်ငြာဝင်ငွေတွေ မရတော့တဲ့အတွက် ဒေသတွင်း ရုပ်သံဌာနတွေနဲ့ အသံလွှင့်ဌာနတွေပိတ်ကာ ဝန်ထမ်း ရာပေါင်းများစွာကို လျှော့ချခဲ့ပါတယ်။
ဘာသာစကား ခြောက်မျိုးနဲ့ထုတ်လွှင့်နေတဲ့ ဒေသတွင်း ရုပ်သံနဲ့အသံလွှင့်ဌာနပေါင်း ၅၃ ခုကို ပိတ်လိုက်တဲ့အတွက် ပြည်သူသန်းပေါင်းများစွာဟာ သတင်းနဲ့ဖျော်ဖြေရေးအစီအစဉ်တွေ ကြည့်ရှုခွင့် ဆုံးရှုံးကြရတော့မှာပါ။
ABS-CBN က နောက်ထပ် ၂၅ နှစ် လုပ်ငန်းလိုင်စင်ထပ်တိုးဖို့ ကွန်ဂရက်ကို အဆိုပြုလွှာတင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက ကွန်ဂရက်က ငြင်းပယ်ခဲ့ပြီး တရားရုံးချုပ်ကို အသနားခံစာတင်ရာမှာလည်း ပယ်ချခံခဲ့ရပါတယ်။
ABS-CBN ဟာ သမ္မတဒူတာဒေးကို ဝေဖန်တဲ့ မီဒီယာတစ်ခုဖြစ်ပြီး လိုပက်ဇ်မိသားစုကပိုင်ဆိုင်ကာ ၁၉၅၃ ခုနှစ်ကတည်း လုပ်ငန်းစတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
သမ္မတဒူတာဒေးဟာ လူထောင်ပေါင်းများစွာကို သေစေခဲ့တဲ့ မူးယစ်တိုက်ပွဲအပါအဝင် သူ့ရဲ့ မူဝါဒတွေကို ဝေဖန်တဲ့ မီဒီယာတွေနဲ့ ပဋိပက္ခဖြစ်တဲ့ သမိုင်းအစဉ်အလာတွေရှိပါတယ်။
ABS-CBN လုပ်ငန်းလိုင်စင်သက်တမ်းအတွက် ကွန်ဂရက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒူတာဒေးက သူနဲ့ ဘာမှမပတ်သက်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အရင်က ရုပ်သံလွှင့်လိုင်စင်သက်တမ်းတိုးတဲ့ကိစ္စကို ပိတ်ပင်မယ်ဖို့ ကတိပြုပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ဒေသတွင်းရုပ်သံလွှင့်ဌာနတွေ ပိတ်လိုက်ပြီးတဲ့နောက် အဆိုပါကွန်ရက်ရဲ့ လုပ်ငန်းအစိတ်အပိုင်းအတော်များများ တနင်္လာနေ့မှာ ပိတ်သိမ်းခဲ့ကြပြီး နာမည်ကြီးရုပ်သံတင်ဆက်သူအများစုလည်း ထွက်ခွါရတော့မှာဖြစ်ပါတယ်။
နှုတ်ဆက်ထွက်ခွါတော့မယ့် ABS-CBN ဝန်ထမ်းတစ်ဦးက သူ့ရဲ့ခံစားချက်ကို ခုလိုပြောပါတယ်။
“ဒီအလုပ်မှာ ကျွန်တော့်ကို ချစ်ခင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတဲ့ အသိစိတ်နဲ့တင် အေးအေးချမ်းချမ်းနဲ့ ကုမ္ပဏီက ထွက်ခွါသွားမှာပါ။ အခက်အခဲတစ်ခုက ကျွန်တော်ထွက်သွားပြီးရင် နောက်အလုပ် ရှာတွေ့ပါ့မလားဆို တာပါပဲ။ အစကနေပြန်စဖို့ အခက်အခဲမရှိပေမယ့် အပြင်မှာ ကျွန်တော်တို့အတွက် အလုပ်တွေရှိပါ့မလားဆိုတာက ပြဿနာပါ”
ABS-CBN ရုပ်သံလွှင့်လုပ်ငန်းဟာ အင်တာနက် မရနိုင်တဲ့ ဒေသတွေအတွက် ကပ်ရောဂါအပါအဝင် ကျန်းမာရေးသတင်းတွေနဲ့ တိုင်ဖွန်းမုန်တိုင်းစတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို အဓိကထားထုတ်လွှင့်ပေးလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီဖြစ်ပါတယ်။