မန်ချက်စတာစီးတီးနည်းပြ ပက် ဂွာဒီယိုလာက လိုင်ယွန်အသင်းဟာ ၎င်းတို့ကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပြီးနောက် ချန်ပီယံလိဂ်အောင်မြင်မှုကို ဆက်လက်ရှာဖွေသွားမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။
စီးတီးဟာ စတာလင်ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုတွေနဲ့အတူ ၃-၁ ဂိုးအရှုံးရလဒ်နဲ့ လစ္စဘွန်းက ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
စီးတီးဟာ လိုင်ယွန်တောင်ပံကစားသမား ကော်နက်ရဲ့ အဖွင့်ဂိုးကို ဒီဘရိုင်းနားက ချေပနိုင်ခဲ့ပေမယ့် လိုင်ယွန်ရဲ့ လူစားဝင်ကစားသမား မူဆာ ဒမ်ဘီလီရဲ့ အနိုင်ဂိုး နှစ်ဂိုးကြောင့် စီးတီးတို့ သုံးရာသီဆက်တိုက် ချန်ပီယံလိဂ်ကွာတားအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။
ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက "တစ်နေ့မှာတော့ ကျနော်တို့ ဆီမီးဖိုင်နယ်ကို ရောက်အောင် ချိုးဖောက်ဝင်ရောက်ပြပါလိမ့်မယ်။
"ဒုတိယပိုင်းကစားပုံက အဆင်ပြေခဲ့တယ်။ ကျနော်တို့ဟာ ပိုကောင်းတယ်ဆိုတဲ့ ခံစားမှုရှိခဲ့ပေမယ့် ဒီပြိုင်ပွဲတွေမှာ ခင်ဗျားဟာ ပြီးပြည့်စုံနေဖို့ လိုပါတယ်။
"ဒမ်ဘီလီရဲ့ ပထမဂိုး ကိစ္စတွေအကြောင်း ကျနော် မပြောလိုပါဘူး။ ပြောလိုက်ရင် ကျနော်ဟာ စောဒကတက်နေတဲ့ ဒါမှမဟုတ် ဆင်ခြေရှာနေတဲ့သူတစ်ယောက်နဲ့ တူသွားပါမယ်။ ကျနော်တို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ။ ကျနော်တို့ အခွင့်အရေးကောင်းများစွာ ဖန်တီးခဲ့ပြီး အဆုံးမှာတော့ ဒါဟာ လုံလောက်မှု မရှိခဲ့ပါဘူး။
"ပွဲရဲ့ အဓိကအကျဆုံး အခိုက်အတန့်တွေမှာ ကျနော်တို့ဟာ ဂိုးပေါက်ရဲ့ နှစ်ဖက်စလုံးမှာ အမှားတွေ လုပ်ခဲ့မိပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။"
"ကျနော်တို့ဟာ ကောင်းမွန်တဲ့ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကံမကောင်းတာကတော့ နောက်တစ်ဂိုးကို လွဲချော်ခဲ့ရတာပါ။ ခင်ဗျာဟာ ပြီးပြည့်စုံနေသူဖြစ်ရမယ်။ ခင်ဗျာ အမှားတွေကို ပြုလုပ်လို့ မရပါဘူး။"
ဂွာဒီယိုလာဟာ စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆီမီးအဆင့်ကို တက်လှမ်းဖို့ လေးကြိမ်ဆက် ကျရှုံးခဲ့ပြီး စီးတီးဟာ ၂၀၁၆-၁၇ ရာသီ ရှုံးထွက် ၁၆ သင်းအဆင့်ကနေလည်း ထွက်ခွာခဲ့ရပါတယ်။
Ref; AFP