ဩဂုတ် ၆
အမေရိကန်နိုင်ငံက ၎င်း၏ ဒီဂျစ်တယ်ကွန်ရက်အတွင်း မယုံကြည်ရသော တရုတ် အက်ပရီကေးရှင်းများကို ရှင်းလင်းဖယ်ရှားခြင်းအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထရမ့်အစိုးရက ပြောသည်။ တရုတ်ပိုင် ဗီဒီယိုအတိုများ တင်သည့် TikTop နှင့် စာသားပေးပို့သည့် WeChat အက်ပရီကေးရှင်းတို့သည် အဓိက ခြိမ်းခြောက်မှု ဖြစ်သည်ဟု ဆိုသည်။
နယ်ပယ်ဧရိယာ ငါးခုကို ပစ်မှတ်ထားသော Clean network ဟု ခေါ်သော စီမံချက်တစ်ရပ်ကို အမေရိကန်က တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောသည်။ ထို စီမံချက်တွင် အမေရိကန်ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ အထိအခိုက်မခံသော သတင်းအချက်အလက်များ ရယူသွားခြင်းကို ကာကွယ်ရန် တရုတ်အက်ပရီကေးရှင်း အမျိုးမျိုးအပြင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကိုပါ တားမြစ်ခြင်းများ ပါဝင်သည်ဟု ၎င်းက ပြောသည်။
TikTop အား အမေရိကန်နိုင်ငံအတွင်း တားမြစ်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုထားပြီးနောက် ယခု ပွန်ပီယို၏ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အလွန်လူကြိုက်များ ရေပန်းစားသည့် ဗီဒီယိုများ ဝေမျှရာ TikTop အက်ပရီကေးရှင်းသည် အမျိုးသားလုံခြုံရေး စိုးရိမ်စရာအဖြစ် အမေရိကန်လွှတ်တော်အမတ်များနှင့် အစိုးရတို့၏ ဖိအားများအောက်တွင် ရှိနေသည်။
ယင်းသို့ TikTop အား ဖိနှိပ်မှုများ လုပ်ဆောင်လာခြင်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှု ရေချိန် မြင့်တက်နေသည့် အချိန်အခါ၌လည်း ဖြစ်သည်။ “တရုတ်မှာ အခြေစိုက်တဲ့ မိခင်ကုမ္ပဏီတွေနဲအတူ TikTop၊ WeChat နဲ့ အခြား အက်ပရီကေးရှင်းတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအတွက် အဓိက ခြိမ်းခြောက်မှုပါပဲ။”ဟု ပွန်ပီယိုက ပြောခဲ့သည်။
အမေရိကန်အနေဖြင့် Clean Network စီမံချက်ကို လုပ်ပိုင်ခွင့် မရှိဘဲ ယင်း၏ လုပ်ရပ်များသည် ‘နိုင်ထက်စီးနင်း ပြုကျင့်ခြင်း’ပဲဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ဗုဒ္ဓဟူးနေ့၌ ရှင်ဟွာနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။ “ဘယ်သူမဆို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ အမေရိကန်ဟာ နည်းပညာမှာ လက်ဝါးကြီးအုပ်ထားတာကို ကာကွယ်နေတာပဲ ဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းကို လုယူနေတာပဲ ဖြစ်တယ်။”ဟု ဝန်ယီက ပြောခဲ့သည်။