ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာတန်ငွေစက္ကူကို လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇွန်လ ၁၈ ရက်(ယနေ့) ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငါးရာတန်ငွေစက္ကူအရွယ်အစားမှာ အရွယ်အစား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိရှိပြီး ငွေစက္ကူအပေါ်ဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပါရှိမည် ဖြစ်သည်။
အဆိုပါငွေစက္ကူ၏ လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှပ်နှံထည့်သွင်းထားပြီး ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားသည်။
ယင်းအပြင် လက်ရှိအသုံးပြုလျက်ရှိသော ငါးရာတန်ငွေစက္ကူများသည်လည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေကျပ်တစ်ထောင်တန်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေခဲ့သော ငွေစက္ကူများကို မဆလအစိုးရလက်ထက် ၁၉၈၅ ခုနှစ်တွင်တစ်ကြိမ် ၊ ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။
ယင်းနောက် ခြင်္သေ့ပုံနှင့် ဆင်ပုံပါသော ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်ကျော်အကြာမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူတစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ကာ ငါးရာကျပ်တန် ငွေစက္ကူကို ဆက်လက်ထုတ်ဝေရန် စီစဥ်လာခြင်းလည်း ဖြစ်သည်။