ဇွန်လ ၁၈
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရသော တရားဟောဆရာ စောဒေဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်) တို့နှစ်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဇွန်လ ၁၈ ရက်နေ့က ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ဆရာဝန်တစ်ဦးနှင့် တီးခတ်သူနှစ်ဦး၊ စုစုပေါင်း သုံးဦးကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို ပယ်ချခဲ့ကြောင်း မရမ်းကုန်းမြို့နယ်တရားရုံးက သိရသည်။
COVID-19 ကာလအတွင်း အစိုးရမှ ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ၎င်းတို့နှစ်ဦး အပါအဝင်လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ရန်ကုန်တိုင်းအစိုးရက သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဓာတ်ပုံ - သူရ / မဇ္ဈိမ
အဆိုပါ တရားစွဲဆိုထားမှုတွင် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျန်နှစ်ဦးကို အင်းစိန်မြိုနယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။
ယင်းအပြင် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည် ကိုဗစ်ကာလအတွင်း ကောလဟာလ သားကောင်များဖြစ်ကြောင်း ပြီးခဲ့သည့် ၅ ကြိမ်မြောက်ရုံးထုတ်တွင် မရမ်းကုန်းမြို့နယ် တရားရုံးရှေ့၌ လူတစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
ထိုတရားစွဲဆိုခံထားရသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ သည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။
လာမည့် ရုံးချိန်းကို ဇွန်လ ၂၃ ရက်နေ့သို့ ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် ကျန်ရှိနေသေးသည့် တရားလိုပြသက်သေ သုံးဦးကိုဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။