အာဆင်နယ်အသင်းက သူတို့ဟာ လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်မရဘူးဆိုရင်တော့ အသင်းအနေနဲ့ လုပ်ခလစာလျှော့ချရလိမ့်မယ်လို့ ပထမအသင်းရဲ့ ကစားသမားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဂန်းနားတို့ဟာ ၂၀၁၆-၂၀၁၇ ရာသီက စတင်ကာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားခွင့် မရရှိခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းတွေကြားမှာ ဘောလုံးရာသီရပ်ဆိုင်းချိန် သူတို့ဟာ ဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာကြောင့် လက်ရှိရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အလားအလာ ရှိပုံမရပါဘူး။
ကမ္ဘာ့ကပ်ရောဂါကြောင့် အာဆင်နယ်အပါအဝင် ကလပ်အသင်းအများအပြားပေါ် ဘဏ္ဍာရေးအရ အကြီးအကျယ် ထိခိုက်စေနိုင်ပြီး Daily Telegraph အရ ကလပ်အသင်းဟာ ဒီသီတင်းပတ်အစောပိုင်းက လစာဖြတ်တောက်လျှော့ချမယ့်အရေး သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ကစားသမားအားလုံးက ဒီအကြံပြုချက်တွေကို လက်ခံမယ်လို့တော့ မယုံကြည်ရပေမယ့်လည်း ဒီအခြေအနေကို ဘယ်လိုဘယ်ပုံ ဖြေရှင်းမယ်ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဖဖော်ဝါရီလက ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်းအဆင့်မှာ အိုလံပီယာကော့စ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားတဲ့အချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဂန်းနားတို့ရဲ့ မျှော်လင့်ချက်တွေ ထပ်မံပျက်ပြယ်သွားခဲ့ရပြန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပုံစံဟာ သဘောအားဖငြ့် မန်နေဂျာသစ် အာတီတာလက်အောက်မှာ အများကြီးတိုးတက်နေပါတယ်။
အူဘာမီယန်းနဲ့ လာကာဇက်တို့လို ကစားသမားတွေကို ဥရောပရဲ့ အသင်းကြီးတွေက မျက်စိကျနေသလို အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားအများအပြားမှာလည်း အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဟာ အာဆင်နယ်အသင်းအတွက်တော့ အသင်းရဲ့ အဓိကကစားသမားတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ပါ အရေးပါနေတာဖြစ်ပါတယ်။
Ref; Mirror