ရန်ကုန်၊ ဧပြီ ၇
COVID-19 အတွက် AA Medical Products မှ လှူဒါန်းထားသော တစ်ရက် လူ ၁၃၀၀ စစ်ဆေးနိုင်သည့်စက် မြန်မာနိုင်ငံ သို့ သယ်ယူရန် လေကြောင်းလိုင်း အခက်အခဲ ကြုံတွေ့နေရသည့်အတွက် သယ်ယူရန် အခက်အခဲဖြစ်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
တစ်ရက်အတွင်း လူပေါင်း ၁၃၀၀ ခန့်ကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်သော စက်ကို အမေရိကန်နိုင်ငံကနေ ဧပြီ ၅ ရက်က သယ်ဆောင်လာခဲ့ရာ ဧပြီ ၇ ရက်နေ့ နောက်ဆုံး သတင်းအရ ဂျာမနီနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ သို့သော် လေယာဉ်လိုင်း အခက်အခဲကြုံနေခြင်းကြောင့် မြန်မာနိုင်ငံသို့ သယ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသာထွန်းကျော်က “ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားတဲ့အတွက် သယ်ယူ ပို့ဆောင်ရေးမှာ အခက်အခဲ ရှိနေတယ်လို့ ပြောချင်တယ်”ဟု မဇ္ဈိမသို့ ပြောသည်။
အဆိုပါ စက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွင် ထားရှိရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ သာထွန်းကျော်က “ရောက်တာနဲ့ ကျွန်တော်တို့ တပ်ဆင်ပြီး စစ်ဆေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်လို့ရအောင် ကြိုတင် ပြင်ဆင်ထားတဲ့ အခြေအနေပါ။ စက်က လောလောဆယ် သိရသလောက် ဂျာမနီနိုင်ငံ ဖရန့်ဖို့ ဆိပ်ကမ်းမှာ ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ဝယ်ယူခဲ့သော ရောဂါရှာဖွေရေးစက်သည် ဆွစ်ဇာလန်နိုင်ငံထုတ် Cobas 6800 Analyser စက်ဖြစ်ပြီး စက်၏ စွမ်းဆောင်ရည်မှာ COVID-19 ရောဂါ ရှိ/မရှိ (၈)နာရီအတွင်း လူပေါင်း ၃၈၀ ဦးကျော်၊ ၂၄ နာရီအတွင်း လူပေါင်း ၁၃၀၀ ဦးကျော်ကို အလိုအလျောက် နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ စစ်ဆေးနိုင်ကြောင်း သိရသည်။
Cobas 6800 Analyser စက်နှင့်တွဲဖက်၍ လူအယောက် ၁၁၀၀ ကျော်အထိ စစ်ဆေးနိုင်သည့် ရောဂါ ရှာဖွေရေး ဆေး ရည် Reagent (Made in USA) အပြင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်မှု လုပ်ရန်အတွက် ကုန်ကျမည့် စုစုပေါင်း မြန်မာငွေကျပ် သိန်း ၈၀၀၀ ကျော်ကို AA Medical Products မှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသည် မြန်မာနိုင်ငံ၌ Covid-19 ရောဂါပိုး ရှိ/မရှိကို စမ်းသပ်ပေးနိုင်သည့် တစ်ခုတည်းသော ဓာတ်ခွဲခန်းဖြစ်ပြီး ဝန်ထမ်းပေါင်း ၂၀၀ ဦးကျော်နှင့် ကျွမ်းကျင်းပညာရှင် ၇ ဦးရှိ ကြောင်း သိရသည်။
ကမ္ဘာ့ကူးစက်မြန် ရောဂါအဖြစ် သတ်မှတ်ခံထားရသည့် COVID-19 ရောဂါကို စစ်ဆေး အတည်ပြုရန် လိုအပ်ပါက တပ်မတော်မှ ကူညီသွားမည်ဖြစ်သည်ဟုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားသည်။
COVID-19 ရောဂါပိုးကို ဓာတ်ခွဲ စစ်ဆေး အတည်ပြုနိုင်သည့်စက်မှာ နေပြည်တော်ရှိ တပ်တွင်းတွင် စက်နှစ်လုံးရှိပြီး လက်ရှိ တပ်မတော်သားများအတွက် စစ်ဆေးပေးနေကြောင်း သိရသည်။
COVID-19 ရောဂါပိုး ရှိ/မရှိ တစ်ရက်လျှင် လူ ၂၀၀ ဦးကျော် စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းနှင့် အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည့် တရုတ်ဆေးပညာရှင်အဖွဲ့သည် အကူအညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ဧပြီလအတွင်း ရောက်ရှိလာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောထားသည်။