ဧပြီ ၆
အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံရှိ လေးနှစ်အရွယ် ကျားမတစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
နာဒီယာ ဟု အမည်ပေးထားသော အဆိုပါ မလေးယန်း ကျားမသည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံကေနတဆင့် ကူးစက်ခံလိုက်ရခြင်း ဖြစ်ဖွယ် ရှိသည်။
ထို့ပြင် ယင်းဖြစ်စဉ်သည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူသားတစ်ဦးထံကနေ တိရစ္ဆာန်တစ်ကောင်သို့ ကူးစက်သွားသည့် ပထမဆုံး ဖြစ်စဉ် ဖြစ်သည်ဟုလည်း ယုံကြည်ရသည်။
အဆိုပါ စစ်ဆေးမှုရလဒ်ကို အိုင်အိုဝါပြည်နယ် အမျိုးသား တိရစ္ဆာန်ဆေးကုသမှု ဓာတ်ခွဲခန်းက အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဘရွန့်ဇ် တိရစ္ဆာန်ရုံ၏ တာဝန်ရှိသူများက ပြောကြားသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသည့် ကျားမလေး နာဒီယာအပြင် ယင်းတိရစ္ဆာန်ရုံတွင် အခြား ကျားခြောက်ကောင်လည်း ရောဂါလက္ခဏာရပ်များ ပြသနေကြောင်း သိရသည်။
နာဒီယာသည် ရောဂါလက္ခဏာများ မပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အမည်မသိရသော တိရစ္ဆာန်ဝန်ထမ်းတစ်ဦးထံကနေ ကူးစက်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။
အဆိုပါ တိရစ္ဆာန်ရုံဝန်ထမ်းနှင့် ထိတွေ့ခဲ့ပြီးနောက် ပြီးခဲ့သည့်လကုန်ပိုင်းက နာဒီယာနှင့် အခြား ကျားခြောက်ကောင်တို့တွင် ချောင်းခြောက်ဆိုးခြင်း အပါအဝင် လက္ခဏာရပ်များ ပြသနေခဲ့သည်ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“လူတစ်ယောက်ကနေ တိရစ္ဆာန်ကို ဗိုင်းရပ်စ် ကူးစက်သွားပြီး အဲဒီ တိရစ္ဆာန်ဟာ နေထိုင်မကောင်းဖြစ်တာမျိုးက ကျွန်တော်တို့ သိရသလောက် ဒါ ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်” ဟု အဆိုပါ တိရစ္ဆာန်ရုံ၏ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သည့် ပေါလ် ကောလီက ပြောသွားခဲ့သည်။
ယခု တွေ့ရှိချက်များကို အခြား တိရစ္ဆာန်ရုံများအပြင် COVID-19 ကူးစက်မှုကို သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းများထံ ဝေမျှပေးသွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသွားခဲ့သည်။