Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက ဘောလုံးအသင်းတွေ အဆင်မပြေဖြစ်နေကြချိန်မှာ သက်ဆိုင်ရာ ကလပ်အသင်းတွေက သူတို့ရဲ့ ကစားသမားတွေကို လစာငွေ လျော့ယူပေးဖို့ ကမ်းလှမ်းလာကြပါတယ်။ အထူးသဖြင့် နာမည်ကျော် ကစားသမားတွေအများအပြား ခေါ်ယူထားတဲ့အသင်းတွေက ဘောလုံးပွဲ မကစားရပဲ လစာငွေတွေများစွာ ပေးနေရတာမို့ သူတို့ပေးချေနေရတဲ့ လစာငွေပမာဏကို လျော့ချချင်နေကြတာပါ။
စီးရီးအေမှာဆိုရင် ဂျူဗင်တပ်စ်အသင်းက လစာလျော့ယူတဲ့ အသင်းဖြစ်လာခဲ့ပြီး လာလီဂါမှာဆိုရင်တော့ ဘာစီလိုနာကစားသမားတွေက လစာလျော့ယူဖို့ သဘောတူထားကြတယ်လို့ သိရပါတယ်။
Juventus players agree to waive four months' wages to help club during coronavirus crisis https://t.co/pEyjQaPVGc
— Telegraph Football (@TeleFootball) March 28, 2020
ဂျာမနီမှာဆိုရင်တော့ ဘိုင်ယန်နဲ့ ဒေါ့တ်မွန်အသင်းတွေက ကစားသမားတွေအနေနဲ့ လစာလျော့ယူပေးသွားဖို့ သဘောတူခဲ့ကြပါပြီ။
ဒါပေမယ့် အင်္ဂလန်မှာတော့ ကလပ်အသင်းပိုင်ရှင်တွေဟာ ကစားသမားတွေကို လစာငွေလျော့ယူပေးဖို့ ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်နေကြပါတယ်။ သူတို့က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ အသင်းအတွက် ရှိနေသရွေ့၊ အသင်းကစားသမားဖြစ်နေသရွေ့ သတ်မှတ်ထားတဲ့ လစာငွေကိုပဲ ပေးချေရမယ်လို့ ခံယူထားတာကြောင့်ပါ။ ကစားသမားတစ်ယောက် ဒဏ်ရာရသွားရင်တောင်မှ ပွဲမကစားနိုင်ပဲ လစာငွေရနေတာပဲလို့ ဘောလုံးသမားတွေက မှတ်ချက်ပေးကြပါတယ်။
Exclusive: Harry Maguire asks Man Utd players to donate 30 per cent of their wages to charity https://t.co/nb4INUadin
— John Cross (@johncrossmirror) April 3, 2020
အဲဒီအထဲမှာမှ မတူညီတဲ့ ဘောလုံးအသင်းတစ်သင်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ မန်ချက်စတာယူနိုက်တက်ပါ။ အသင်း တာဝန်ရှိသူတွေအနေနဲ့ ကစားသမားတွေကို လစာလျော့ယူဖို့ လွယ်လွယ်ကူကူ တိုက်တွန်းနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ကစားသမားတွေသာ လစာငွေ လျော့ယူပေးမယ်ဆိုရင် အဲဒီ လစာငွေတွေကို ကိုရိုနာဗိုင်းရပ်စ်အတွက် တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အသုံးပြုပေးမယ်ဆိုတဲ့ ကတိနဲ့ သဘောတူညီမှု ရခဲ့တာပါ။
ဒီအစီအစဉ်ကို မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားက စတင် တိုက်တွန်းခဲ့တာဖြစ်ပြီး အသင်းကစားသမားတွေဟာ သူတို့ရဲ့လစာငွေ (၃၀)ရာခိုင်နှုန်းကို လျော့ယူဖို့ သဘောတူညီခဲ့ကြပါတယ်။
There you go @MattHancock Maybe you can get your hedge fund and billionaire tax dodger mates to do the same now? https://t.co/hUtE5ptnx1
— BCSRF (@weareBCSRF) April 3, 2020
တစ်ပတ်ကို လုပ်ခ ပေါင်(၁၉၀၀၀၀)ရနေတဲ့ မက်ဂွိုင်းယားက သူ့ရဲ့အကြံကို အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဆီ တင်ပြခဲ့တာဖြစ်ပြီး အသင်းဖော်တွေအားလုံးက သူ့ရဲ့အကြံကို သဘောတူခဲ့ကြပါတယ်။
မန်ယူအသင်း ကစားသမားတွေအားလုံးရဲ့ တစ်လတာ လစာငွေကို (၃၀)ရာခိုင်နှုန်းအချိုးချလိုက်ရင် ပေါင်(၈)သန်းလောက် ထွက်လာမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကောင်းကောင်းကူညီနိုင်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။
မန်ယူအသင်းမှာ လစာအများဆုံးရနေတဲ့ ဂိုးသမား ဒီဂီယာကတော့ သူ့ရဲ့တစ်ပတ်လုပ်ခ ပေါင်(၃၇၅၀၀၀)နဲ့တွက်ရင် တစ်လအတွက် (၃၀)ရာခိုင်နှုန်းဟာ ပေါင်(၄၅၀၀၀၀)အထိ ရှိနေမှာပါ။
Man Utd stars donate 30% of wages to NHS as they become first Prem club to slash salaries in fight against coronavirus https://t.co/vWFePiVHUE
— The Sun - Man Utd (@SunManUtd) April 3, 2020
ဒါပေမယ့် သူတို့က အသင်းအတွက် လစာလျော့ယူပေးတာမဟုတ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် လစာလျော့ယူပေးတာဖြစ်လို့ တခြား ဘောလုံးလိဂ်တွေက ကစားသမားတွေလို အသင်းကို ပြန်ပြီး ကူညီနေတာမဟုတ်ဘူးလို့လည်း ပြောလို့ရပါသေးတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ပရီးမီးယားလိဂ် ကစားသမားတွေဟာ မေလအကုန်မှာမှ ဘောလုံးပွဲတွေကို ပြန်ပြီး မစတင်နိုင်သေးဘူးဆိုရင် သူတို့ရဲ့ လစာငွေတွေကို (၃၀)ရာခိုင်နှုန်းအထိ လျော့ယူဖို့ သဘောတူညီခဲ့ကြပြီလို့ သိရပါတယ်။