ဧပြီ ၂
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သူ တွေ့ဆုံခဲ့တဲ့ ဆေးရုံအုပ်ကြီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားကြောင်း တွေ့ရှိပြီးနောက်မှာ လုပ်ငန်းတာဝန်တွေကို အဝေးကနေပဲ စီမံဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကရင်မလင်က ထုတ်ပြန်ပါတယ်။
ရုရှနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဓိကဆေးရုံကြီးရဲ့ ဆေးရုံအုပ်ဖြစ်သူ ဒန်နစ်ပရိုဆန်ကိုဟာ သူ့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန်ပဲ ရှိနေကြောင်း အင်္ဂါနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ပူတင်ဟာမော်စကိုမှာရှိတဲ့ ကွမ်မန်နာကာဆေးရုံဆီ သွားရောက်လည်ပတ်ခဲ့ချိန်မှာ ဆေးရုံအုပ်ကြီး ပရိုဆန်ကိုနဲ့ တွေ့ဆုံထိတွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တွေ့ဆုံချိန်တုန်းက ပူတင်နဲ့ ပရိုဆန်ကိုတို့ဟာ အကာအကွယ်ဝတ်စုံတွေ မပါဘဲ နီးနီးကပ်ကပ် လက်ဆွဲနှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို တွေ့ဆုံပြီး သီတင်းတစ်ပတ်ခန့်အကြာမှာ ဆေးရုံအုပ်ကြီး ပရိုဆန်ကိုက ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း ပြောလာတာကြောင့် သမ္မတ ပူတင်အနေနဲ့ တစ်ကိုယ်ရည် သီးခြား ခွဲနေပြီး အဝေးကနေပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကရင်မလင်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
သမ္မတ ပူတင်ကို ဗိုင်းရပ်စ် ရှိမရှိ ပုံမှန်စစ်ဆေးနေတယ်လို့ ကရင်မလင်ကကြေညာထားတာဖြစ်ပေမယ့် ခုလို သူ တွေ့ဆုံထိတွေ့ခဲ့တဲ့ ဆေးရုံအုပ်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာတာကြောင့် ရုရှားနိုင်ငံ ခေါင်းဆောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မရေရာတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေပါတယ်။
ရုရှားနိုင်ငံမှာ ဧပြီ ၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈၈၀ ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၄ ဦး ရှိခဲ့ပါတယ်။