မတ်လ ၂၇။ ။ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် တစ်နိုင်ငံလုံး lockdown ချ ထားရာမှာ စည်းကမ်းဖော်ကဖျက်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့စစ်ဆင်ရေးတွေ ဆောင်ရွက်လျက်ရှိပါသည်။
အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှု ရပ်တန့်ရေးအတွက် ကာဖျူးမိန့်ထုတ်ပြန်တာ၊ အဝင်အထွက်ပိတ်တာတွေကို တင်းကျပ်စွာပြဋ္ဌာန်းတဲ့ အခြား အာဖရိကနိုင်ငံတွေလိုပဲ တောင်အာဖရိကနိုင်ငံဟာ သောကြာ နေ့မှာစတင်ပြီး စစ်တပ်ကင်းလှည့်တာတွေနဲ့အတူ တစ်နိုင်ငံလုံးကို lockdown ချလိုက်ပြီဖြစ်ပါတယ်။
သောကြာနေ့ ညလယ်က စတင်ပြီး သီတင်းသုံးပတ်ကြာ lockdown ချထားမှာဖြစ်တာကြောင့် တောင်အာဖရိကက ပြည်သူ ၅၇သန်းနီးပါးဟာ နေအိမ်ကနေ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြဖို့ တားမြစ်ကန့်သတ်ခံ ထားရပါတယ်။
အာဖရိကတိုက်မှာ လူ ၈၇ ဦးသေဆုံးပြီး ၃၂၀၃ဦး ကူးစက်ခံရထားတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှု ရပ်တန့်ရေးအတွက် ကင်ညာ၊ ရဝမ်ဒါနဲ့ မာလီနိုင်ငံတွေမှာလည်း တားမြစ်ကန့်သတ်ချက်တွေ ပြဋ္ဌာန်းထားပြီဖြစ်ပါ တယ်။
အာဖရိကဟာ ကိုရိုနာဖြစ်ပွားမှုမှာ ဥရောပ၊ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းတို့ထက် နည်းပါးပေမယ့် ကမ္ဘာ့အဆင်းရဲဆုံးတိုက်ဖြစ်တဲ့ အာဖရိကဟာ ဗိုင်းရပ်ကို ခုခံကာကွယ်နိုင်စွမ် းပိုနည်းပြီး ကူးစက်ဖြစ်ပွားတဲ့ အမှန် တကယ်နှုန်းထားဟာ အခုနှုန်းထားထက် ပိုပြီး များနေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေကပြောပါတယ်။
တောင်အာဖရိကရဲ့စီးပွားရေးအချက်အချာဖြစ်တဲ့ ဂျိုဟန်နစ္စဘတ်မြို့အပြင်ဘက် ဆိုဝီတိုမြို့က စစ်အခြေစိုက်စခန်းက စစ်သားတွေကို lockdown ချဖို့ တပ်မဖြန့်မီအချိန်မှာ သမ္မတ ရာမာဖိုဆာက လာရောက်တွေ့ဆုံခဲ့ပါတယ်။
"ကိုရိုနာဗိုင်းရပ်စ်ကနေ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် ခင်ဗျားတို့ကို စေလွှတ်ရတာပဲဖြစ်တယ်။"လို့ ရာမာဖိုဆာက ပြောပါတယ်။
"ဒါဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီတင်မက ကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းမှာပါ မကြုံဖူးတဲ့ဖြစ်ရပ်ပါ။ မမြင်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရန်သူကို တိုက်ပွဲဆင်သွားကြရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ၂၁ ရက်ကြာ lockdown ချထားရမှာဖြစ်ပါတယ်။"လို့ ၎င်းက ပြောခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အခုလို lockdown ချထားချိန်မှာ အပြင်ထွက်လည်တာ၊ ခွေးကျောင်းထွက်တာနဲ့ အရက်သေစာရောင်းချတာတွေကို ခွင့်ပြုမှာမဟုတ်ကြောင်း သိရပါတယ်။
အာဖရိကမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ဖြစ်ပွားမှု အများဆုံးအဖြစ် တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်ကူးစက်ဖြစ်ပွားသူပေါင်း ၉၂၇ ဦး ရှိပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၀၀အထိ ရှိလာလိမ့်မယ်လို့ သမ္မတ ရာမာဖိုဆာက ခန့်မှန်းထားပါတယ်။