မတ်လ ၂၄။ ။ မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ နှစ်ဦးကို တွေ့ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်ရာ အရှေ့တောင်အာရှ နိုင်ငံ အကုန်လုံးတွင် ကူးစက်ခံရမှုဖြစ်လာတော့သည်။
ဒုတိယကျန်းမာရေးဝန်ကြီး Phouthone Moungpak က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် COVID-19 ကူးစက်ခံရသူ နှစ်ဦးလုံးမှာ လာအိုနိုင်ငံသားများဖြစ်ပြီး ပြည်ပမှတဆင့် ကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ကူးစက်ခံရသူတစ်ဦးမှာ ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်ပြီး လာအိုမြောက်ပိုင်းဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ခရီးသွားခဲ့သည်ဟု ဆိုသည်။
အခြားကူးစက်ခံထားရသူတစ်ဦးမှာ ထိုင်းနိုင်ငံသို့ သင်တန်းသွားရောက်တက်ခဲ့သော ဟိုတယ်ဝန်ထမ်းအမျိုးသားဟု ပြောသည်။
နှစ်ဦးလုံးကို အနီးကပ်စောင့်ကြည့် စစ်ဆေး Quarantine လုပ်ထားသည်ဟု လာအိုကျန်းမာရေးအာဏာပိုင်များက ပြောသည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် လာအိုသည် COVID-19 ကူးစက်မှု နောက်ဆုံးခံရသော နိုင်ငံဖြစ်သည်။