မတ်လ ၁၈။ ။ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေဟာ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ ပြောပါတယ်။
ရုရှားနိုင်ငံမှာ တနင်္လာနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၃ ဦး ရှိရာက ၁၁၄ ဦးအထိ မြင့်တက်ရောက်ရှိပြီး ဒီ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတော့ မရှိသေးပါ။
ဗုဒ္ဓဟူးနေ့က စပြီး ရုရှားနိုင်ငံဟာ နိုင်ငံခြားသား ဝင်ရောက်မှုကို နယ်စပ်တွေမှာ ပိတ်တော့မှာဖြစ်ပြီး ယဉ်ကျေးမှုပွဲတွေနဲ့ အားကစားပွဲတွေကိုလည်း ဆိုင်းငံ့ထားပြီးဖြစ်ပါတယ်။
“မြင့်မားတဲ့ ပျံ့နှံ့မှုနဲ့ ကူးစက်ဖြစ်ပွားမှုကို ကျွန်တော်တို့ ထိန်းထားနိုင်ပြီ ဖြစ်တယ်။”ဆိုပြီး ကက်ဘိနက်အစည်းအဝေးမှာ သမ္မတ ပူတင်က ပြောပါတယ်။
ကူးစက်သူ မြင့်မားနေပေမယ့်လည်း ဗိုင်းရပ်စ်အခြေအနေဟာ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်လို့ ပူတင်က ထပ်လောင်းပြောပါတယ်။
စားသောက်ဆိုင်တွေအနေနဲ့ အထူး ထိုင်ခုံအခင်းအကျင်း ပြင်ဆင်ပြီး လက်မဆေးဘဲ မနေရစနစ်ကို ကျင့်သုံးကာ လာရောက်သူတွေမှာ အသက် ၆၀ ကျော် အရွယ်တွေကို ဝန်ထမ်းတွေက အိမ်ပြန်ခိုင်းဖို့ အကြံပေးတာတွေ ပြုလုပ်ဖို့ အင်္ဂါနေ့က စက်မှုဝန်ကြီးဌာနက မှတ်ချက်ပြုထားကြောင်း ရုရှားသတင်းဌာနတွေအရ သိရပါတယ်။
သမ္မတ ပူတင်ဟာ ပြည်သူတွေနဲ့ အစိုးရကို ကိုယ်တိုင် အသိ၊ သတိရှိကြပြီး တစ်ဦးကို တစ်ဦး ဖေးမကူညီရန် မေတ္တာရပ်ခံပြီး တာဝန်ရှိသူတွေကိုလည်း ဗိုင်းရပ်စ်အရေးနှင့် ပတ်သက်ပြီး သတင်းမှန်မှန်ကန်ကန် ပေးကြရန်လည်း ပြောဆိုတိုက်တွန်းခဲ့ပါတယ်။