မတ်လ ၁၆။ ။ ပလက်ဝမြို့နယ်ရှိကျေးရွာအချို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံထောင်ချီပြီးထွက်ပြေးတိမ်းရှောင်နေရကြောင်းထွက်ပြေးတိမ်းရှောင်နေရသူ ဝက်မကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးမောင်စံသာကပြောသည်။
“ကျွန်တော်တို့ အခုပြေးနေပါတယ် ခင်ဗျ။ လူ ၂ထောင်ကျော်လောက်ပါပါတယ်။ ပြေးနေတုန်းပါ။ ဆမီးမြို့ဘက်ကိုပြေးနေတာပါ။” ဟုဦးမောင်စံသာကဆိုသည်။
မတ်လ ၁၄ရက် မနက်ပိုင်းက ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စုရှိ မိတ်စာဝ(၂)နှင့် မိတ်စာဝ(၃)တို့တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) တို့ အကြားတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါကျေးရွာ နှစ်ခု ပေါင်းအိမ်ခြေ ၁၀၀ကျော်မှ ဒေသခံများဟာ မီးစာဝ(၁) ကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ အလားတူပင် ပြိုင်တိန်ကျေးရွာကလည်း မီးဇာဝ(၁)သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။
မတ်လ ၁၅ရက်ညနေပိုင်းနဲ့ မတ်လ ၁၆ရက်များတွင် မီးစာဝ(၁) အပါအဝင် အနီးရှိရွာများတွင်ပါ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာတာကြောင့် ကျေးရွာအားလုံးစုပေါင်း၍ဆမီးမြို့ ဘက်ကိုထွက်ပြေးလာခြင်းဖြစ်သည်။
လက်ရှိတွင် ကျေးရွာများမှ ထွက်ပြေးလာသူအချို့ကိုဆမီးမြို့ လိပ်ကုန်းအလက(၂) တွင် နေရာပေး၍ထားရှိထားကြောင်းသိရသည်။
Photo Credit - ဒေသခံ
ဒေသခံများသည် မတ်လ ၁၄ ရက်နေမှစတင်ပြောင်းရွှေ့ခဲ့ကာ လက်ရှိအချိန်အထိဆမီးမြို့သို့ထွက်ပြေးလာသူများဆက်လက်ရောက်ရှိနေဆဲဖြစ်သည်။
“အခုရောက်တာကတော့ ၃၀၊ ၄၀လောက်ပဲရှိဦးမယ်။ အခုလာနေတုန်းပဲ၊ မြို့ပေါ်ကလာတာမဟုတ်ဘူး။ ရွာတွေကနေပြေးလာကြတာ။ အုပ်စုကျေးရွာတွေကပြေးလာကြတာ။ ဝက်မရယ်၊ ပြိုင်တိန်ရယ်၊ မိတ်စာ ၁၊၂၊၃ ဝင်မြင့် တောင် အရှေ့ အနောက် တာ၀ ၊ စားမြိတ် ၊ ပြန်တောင် ၁၀ရွာလောက်ရှိတယ်။” ဟုဆမီးမြို့နယ် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ဦးပြိုင်စီ က ဆိုသည်။
ဆမီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝါဘေးရိတာကလည်း ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကအလက(၂) အပါအဝင် ဘာသာရေးအဆောက်အအုံများတွင် တိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ပေးလက် ခံပေးလျှက်ရှိကြောင်းမတ်လ ၁နာရီခန့်က မဇ္ဈိမသို့ဖြေကြားထားသည်။
လက်ရှိအချိန်အထိလူဦးရေ ၆၀လောက် အလက(၂) လိပ်ကုန်းသို့ ရောက်ရှိနေပြီဖြစ်ပြီးနေထိုင်ရေးနှင့် စားသောက်ရေးအတွက်စီစဉ်ပေးလျှက်ရှိကြောင်း ဦးဝါဘေးရိတာက ဆိုသည်။