မတ် ၁၂။ ။ ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပ၏တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျာမနီလူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့်ကိုသက်ရောက်နိုင်သောကြောင့် အဆိုပါရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သလို ငွေကြေးသုံးစွဲသွားမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် Angela Merkel က မတ်လ ၁၁ ရက်၌ ပြောသည်။
“ဒီရောဂါပြဿနာကိုဖြေရှင်းဖို့ ကျွန်မတို့ဆောင်ရွက်သွားမှာပါ၊ အဆုံးကျရင် ဒီလုပ်ရပ်တွေက ဘယ်လောက်အရေးပါလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်၊ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ချိန်မှာ လူတွေအနေနဲ့ ခံနိုင်ရည်လည်းမရှိ၊ ကာကွယ် ဆေးနဲ့ကုထုံးလည်းမရှိဘူးဆိုရင် လူဦးရေရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်နိုင်ပါတယ်” ဟု Angela Merkel က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကိုပြောခဲ့သည်။
Markel က ဂျာမနီနိုင်ငံအနေဖြင့် လိုအပ်သည်များကို ဥရောပနိုင်ငံများနှင့်အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးအကျိုးဆက်များကို မခန့်မှန်းနိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များနှင့် ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌတို့ကို အင်္ဂါနေ့ညနေပိုင်းက ပြောဆိုခဲ့သေးသည်။
ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Robert Koch Institute ၏အဆိုအရ ဂျာမနီတွင် ကိုရိုနာကူးစက်ခံရသူ ၁၅၆၇ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဂျာမနီတွင် ဧပြီလလယ် အီစတာပွဲတော်အားလပ်ရက်များပြီးသည့်အထိ လူ ၁၀၀၀ ထက် ပို၍စုဝေးသော ပွဲတော်များ၊ အခမ်းအနားများကို တားမြစ်ထားသည်။