နေပြည်တော် ၊ မတ် ၆။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသည့် မြေဧက ရှစ်ထောင်နီးပါးအတွက် တစ်နှစ်ကို မြေငှားခ ၂၉သိန်းနီးပါးသာ ရရှိသဖြင့် နိုင်ငံတော်တွင် အလွန်နစ်နာနေသည့်အတွက် မြေငှားခ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲထွဋ် က လွှတ်တော်မှာ မေးမြန်းခဲ့သည်။
မတ်လ၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် ၁၅ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ကမေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါမေးခွန်းကို လာရောက်ဖြေဆိုခဲ့သည့် ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က မြေငှားခကို တိုးမြှင့်ပေးရန် ရှိ မရှိကို တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိဘဲ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောနှုန်းထားအတိုင်း နှစ်စဉ် ပေးဆောင်နေကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။