မတ် ၆။ ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် ပါလက်စတိုင်းမှာ အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း ဝန်ကြီးချုပ် မိုဟာမက် ရှတေယက်က ကြေညာသွားခဲ့ပါတယ်။
ပါလက်စတိုင်း နယ်မြေအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီး တိုက်ဖျက်နိုင်ဖို့အတွက် မတ်လ ၆ ရက်ကစလို့ ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေတစ်ရပ်ကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရှာတေယက်က ပြောပါတယ်။
အနောက်ဘက်ကမ်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကြောင်း ပါလက်စတိုင်း အစိုးရက မတ်လ ၅ ရက်မှာ အတည်ပြုသွားခဲ့ပြီးနောက် ခရီးသွားတွေ ဝင်ရောက်လည်ပတ်မှုအပေါ်မှာလည်း သီတင်းပတ် နှစ်ပတ်ကြာ ပိတ်ပင်ကြောင်း ကြေညာသွားခဲ့ပါတယ်။
ဂျေရုဆလင် တောင်ပိုင်း ဘတ်သ်လီဟမ် ဧရိယာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စဉ် ခုနစ်ခု ရှိထားပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ကူးစက်ခံထားရသူတွေအားလုံးကို လက်ရှိအချိန်မှာ သီးခြားခွဲထားကာ စောင့်ကြည့်ကုသမှုပေးနေကြောင်း ကျန်းမာရေးဝန်ကြီး မိုင် အယ်လ် ကိုင်လာက ပြောသွားပါတယ်။
ယခုအခါမှာတော့ အနောက်ဘက်ကမ်းဒေသမှာ အဓိက အားကစားပွဲတွေ၊ အခြား စုဝေးပွဲတွေ ဖျက်သိမ်းမှုအပါအဝင် ဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေလုပ်ဆောင်မှာ ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောသွားခဲ့ပါတယ်။