အိန္ဒိယ အဓိကရုဏ်းအတွင်း လူများစွာအား ကယ်ဆယ်ခဲ့သည့် ရဲအား ဂုဏ်ပြုချီးမွှမ်း

အိန္ဒိယ အဓိကရုဏ်းအတွင်း လူများစွာအား ကယ်ဆယ်ခဲ့သည့် ရဲအား ဂုဏ်ပြုချီးမွှမ်း

ဖေဖော်ဝါရီ ၂၉။              ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားသည့် ရက်များအတွင်း ဆူပူအကြမ်းဖက်သည့် လူအုပ်ရန်မှ မိသားစုများစွာကို ကယ်ဆယ်ခဲ့သည့် ရဲတစ်ဦးအား သူရဲကောင်း တစ်ဦးအဖြစ် ချီးမွှမ်းဂုဏ်ပြုကြသည်။

မြို့တော်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ဖြစ်ပွားသော အဓိကရုဏ်းများအတွင်း လူ ၃၉ ဦး သေဆုံးကာ ၂၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်း ဥတာပရာဒက်ရှ်ပြည်နယ်မှ ရဲမှူး နီရတ်ဂျာဒန်းက ဖေဖော်ဝါရီ ၂၅ ရက်၌ နယ်စပ်စစ်ဆေးရေးဂိတ်၌ ကင်းလှည့်နေစဉ် မီတာ ၂၀၀ အကွာ နယူးဒေလီ၊ ကရာဝဲလ်နာဂါအရပ်မှ သေနတ်သံများကို ကြားခဲ့ရကြောင်း ပြောသည်။

အယောက် ၄၀၊ ၅၀ ခန့်ရှိ လူအုပ်တစ်အုပ်က ကားများကို မီးရှို့နေပြီး လူတစ်ဦးက ဓာတ်ဆီဗုံးကို ကိုင်လျက် အိမ်တစ်အိမ်ထဲ ပြေးဝင်သွားခဲ့သည်ကို မြင်ရကြောင်း ဂျာဒန်းက ပြောသည်။ ထိုအခိုက်အတန့်မှာပင် ဂျာဒန်းသည် ရဲလုပ်ထုံးလုပ်နည်းကို ချိုးဖောက်ရန် ဆုံးဖြတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ပြည်နယ်နယ်စပ်ကို ဖြတ်ကာ နယူးဒေလီ အပိုင်နယ်ထဲ ဝင်ရောက်သွားခဲ့သည်။

အိန္ဒိယ၌ ရဲများသည် ပြည်နယ်ဖြတ်ကျော်ရန်အတွက် တိကျသည့် ခွင့်ပြုချက် တောင်းခံရသည်။

“ကျွန်တော် ပြည်နယ်နယ်စပ် ဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်တယ်။ အန္တရာယ်ကို သတိပြုမိတယ်၊ လုပ်ပိုင်ခွင့် ဘောင်ကျော်တာကိုလည်း သိတယ်၊ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းပဲ သွားချင်ခဲ့တယ်။ အဲဒီအခိုက်အတန့် အချိန် ၁၅ စက္ကန့်လောက်ဟာ ကျွန်တော်ဘဝမှာ သည်းထိတ်ရင်ဖို အဖြစ်ရဆုံးပဲ။ ကျေးဇူးတင်ရတာကတော့ ကျွန်တော်အဖွဲ့ဟာ ကျွန်တော်နောက်က လိုက်လာတာပါပဲ။ နောက်ပိုင်း ကျွန်တော် သတင်း တင်ပြတော့ ကျွန်တော် အထက်အရာရှိတွေကလည်း ကျွန်တော်ကို ထောက်ခံပေးပါတယ်။”ဟု ဂျာဒန်းက ပြောသည်။

“တကယ့်ကို အန္တရာယ်များတယ်ဗျ။ ဆူပူအကြမ်းဖက်သူတွေဟာ ကျွန်တော်တို့ထက် လူအင်အား များသလို လက်နက်တွေလည်း ပါတယ်။ ပထမတော့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားသေးတယ်။ မအောင်မြင်ဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ပစ်ခတ်ရလိမ့်မယ်လို့ သူတို့ကို ကျွန်တော်တို့ သတိပေးတယ်။ ပထမတော့ သူတို့ နောက်ဆုတ်သွားတယ်။ စက္ကန့်ပိုင်းလေးပါပဲ။ နောက်တော့ ကျောက်ခဲတွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်ကြတော့တာပဲ။ သေနတ် သံတွေလည်း ကြားလိုက်တယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သို့သော် ဂျာဒန်းနှင့် ရဲတပ်ဖွဲသည် ၎င်းတို့ နေရာမှ နောက်မဆုတ်ဘဲ တင်းခံနေခဲ့ပြီး နောက်ဆုံးတွင် ဆူပူအကြမ်းဖက်သူများကို နောက်ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဟိန္ဒူနေ့စဉ်သတင်းစာမှ သတင်းထောက် ရီချီကူးမားက ဂျာဒန်း၏ ဆုံးဖြတ်ချက်သည် သူ မြင်ဖူးသမျှမှာ အရဲရင့်ဆုံး လုပ်ရပ်ဖြစ်သည်ဟု ဘီဘီစီသို့ ပြောသည်။

“အခြေအနေက တကယ်ကို အန္တရာယ်များခဲ့တာပါ။ ဆူပူအကြမ်းဖက်သူတွေမှာ လက်နက်အပြည့် ပါတယ်။ ဘယ်သူ့ စကားမှ နားထောင်ကြတာ မဟုတ်ဘူး။ သွေးဆာနေကြတယ်လို့ ကျွန်တော်တော့ ပြောချင်တယ်။ ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပေမယ့် ဂျာဒန်းဟာ နောက်မဆုတ်ခဲ့ဘူး။ အကြမ်းဖက်ဆူပူသူတွေရဲ့ ပစ်တာကို ခံရမယ့် အန္တရာယ်တောင် ရှိနေခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဂျာဒန်းတို့ ရဲတပ်ဖွဲ့က သူတို့ကို နောက်ဆုတ်သွား ကြအောင် စွမ်းဆောင်နိုင်ခဲ့တယ်။”ဟု ရီချီကူးမားက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly