ဖေဖော်ဝါရီ ၁၇ ။ ။ ဂျပန်ကမ်းလွန် ယိုကိုဟားမားဆိပ်ကမ်းတွင် COVID- 19 ကြောင့် ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ခံထားရသည့် ဂျပန်အပျော်စီးသင်္ဘော Diamond Princess ပေါ်၌ အမေ ရိ ကန်နိုင်ငံသား ၄၀၀ နီးပါးလိုက်ပါခဲ့ပြီး အမေရိကန်အစိုးရသည် ဖေဖော်ဝါရီ ၁၇ ရက်အစောပိုင်းကစ၍ အချို့ကို နေရပ်သို့ပြန်လည်ခေါ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
သင်္ဘောပေါ်လိုက်ပါခဲ့သည့် အမေရိကန်နိုင်ငံသား အနည်းဆုံး ၄၀ ခန့်မှာ ကိုရိုနာကူးစက်ခံထားရပြီး ဂျပန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ပထမအသုတ်အဖြစ် ဂျပန်မှ အမေရိကန်သို့ လေယာဉ်နှစ်စင်းဖြင့် ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ပြီး နေရပ်ပြန်ရောက်ပါကလည်း နောက်ထပ် ၁၄ ရက် သီးသန့်ထား စောင့်ကြည့်သွားမည်ဟု ဂျပန်ရှိ အမေရိကန်သံရုံးမှတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
ယခုအခါ Diamond Princess ပေါ်တွင် ကိုရိုနာကူးစက်ခံထားရသူ ၃၅၀ ကျော်ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး ကနေဒါ၊ ဩစတြေးလျ၊ အီတလီ၊ အစ္စရေးနှင့် ဟောင်ကောင်တို့ကလည်း အမေရိကန်တို့အတိုင်း ၎င်းတို့နိုင်ငံသားများကို ပြန်ခေါ်ရန် ပြင်ဆင်လျက်ရှိသည်။
တရုတ်ပြည်မကြီးအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၇ ရက်အထိစာရင်းအရ သေဆုံးသူ ၁၇၇၀ နှင့် ကူးစက်ခံရသူ ၇၀၅၀၀ ကျော်သွားပြီးဖြစ်သည်။