ဖေဖော်ဝါရီ ၇ ။ ။ ပီရူးနိုင်ငံမြို့တော် လီမာမှာ ဂက်စ်ပိုက်လိုင်းမြှုပ်ဖို့ မြေတူးဖော်ရာမှ နှစ်ပေါင်း ၁၈၀၀ ခန့် သက်တမ်းရှိတဲ့ သင်္ချိုင်းဟောင်းတစ်ခုကို ဖေဖော်ဝါရီ ၆ ရက်က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ပီရူးမှာ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး ကိုလံဘီယာကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့Cálidda ကုမ္ပဏီက အလုပ်သမားတွေဟာ လီမာမြို့လယ် Breña အရပ်ဒေသက လမ်းပေါ်မှာ ပိုက်လိုင်းမြှုပ်ဖို့ မြေတူးစဉ် အဆိုပါ သင်္ချိုင်းကို တွေ့ရှိခဲ့ကြတာပါ။
ပီရူးကမ်းခြေဒေသတွေနဲ့ လီမာမြို့တို့မှာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေ တွေ့ရလေ့ရှိတဲ့အတွက် အဲဒီကုမ္ပဏီဟာ မြေတူးဖော်တဲ့ ရှေးဟောင်းသုတေသနပညာရှင်များကိုပါ ပူးတွဲထားရှိထားပါတယ်။
“အခုအချိန်ထိ လူရုပ်ကြွင်း ၄ ခုနဲ့ အိုး ၁၅ လုံး တူးဖော်ရထားပါပြီ၊ နှစ်ပေါင်း ၁၈၀၀ လောက် သက်တမ်းရှိတဲ့ အိုးတွေက ဆေးအနီပေါ်မှာအဖြူသုတ်ထားတဲ့ ပုံစံပါ၊ ဘီစီ ၂၀၀ ကနေ အေဒီ ၃၀၀ လောက်ထိ လီမာ ဒါမှမဟုတ် မိုချေးယဉ်ကျေးမှုတွေရဲ့အစမှာ အဲဒီပုံစံတွေရှိခဲ့ပါတယ် ” လို့ ရှေးဟောင်းသုတေသနပညာရှင် Marilin Herrera က AFP ကိုပြောပါတယ်။
ရုပ်ကြွင်းတွေကို တောင်ဘက်အရပ်မျက်နှာမူ မြှုပ်နှံထားပြီးတော့ ပတ်ပတ်လည်မှာ အိုးတွေ၊ ပန်းကန်တွေ၊ ထည့်စရာခွက်တွေနဲ့ အစုံလိုက်ဘူးရှည်လေးတွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
လီမာမှာ ရှေးဟောင်းသုတေသနနယ်မြေ ၄၀၀ ကျော်ခန့်ရှိပြီး အခုလို မြို့ပြရဲ့ မြေအောက် ၄၀ စင်တီမီတာအောက်လောက်မှာ ရှေးဟောင်းပစ္စည်းတွေ တွေ့ရတဲ့အတွက် အားလုံးက အံ့အားသင့်နေကြတာပါ။
အခုလို တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနကို လွှဲပြောင်းပေးမှာဖြစ်ပြီး ပြတိုက်မှာ ထား မထားကိုတော့ အဆိုပါ ဌာနမှ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။