ဘေဂျင်း၊ ဖေဖော်ဝါရီ ၅။ ။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီးတဲ့နောက် လူဦးရေ ၂၂ သန်းနီးပါးနေထိုင်ပြီး လူသွားလူလာများကာ အမြဲပျားပန်းခပ်လှုပ်ရှားနေတဲ့ မြို့တော်ဘေဂျင်းမှာ လူတွေဟာ အိမ် တွင်းပုန်းနေကြလို့ ခုဆိုရင် သက်ရှိတွေ ပျောက်ကွယ်သွားပြီလားလို့ ထင်ရလောက်အောင် တစ္ဆေမြို့တော်ကြီးအလား ခြောက်ကပ်နေပါတယ်။
ဘာမဆို လိုချင်တာရနိုင်တဲ့ ဘေဂျင်းက စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာလည်း နေရာတိုင်းမှာ ပိတ်ထားပြီး လမ်းတွေကလည်း လူသူကင်းမဲ့လို့နေပါတယ်။
ဆောင်းလေအေးထဲမှာ လူအနည်းငယ်သာ ဗိုင်းရပ်စ်မကူးစက်နိုင်အောင် ပါးစပ်၊ နှာခေါင်းစည်းတွေတပ် ရာဘာလက်အိတ်တွေစွပ်ပြီး အပြင်ထွက်ရဲကြပါတယ်။
ဘေဂျင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗိုင်းရပ်စ်စတင်မြစ်ဖျားခံခဲ့တဲ့ဝူဟန်မြို့လို ချိပ်ပိတ်မထားပေမယ့် ဒေသခံတွေဟာ တရုတ်နှစ်သစ်ကူးကာလ ပြီးသွားကတည်းက မိမိဆန္ဒအလျောက် ရောဂါခြေချုပ်နဲ့ နေနေကြတာပါ။
ပြည်သူတွေဟာ လက်ရှိ ကူးစက်ပျံ့နှံနေတဲ့ ဗိုင်းရပ်စ်အသစ်ကို ကြောက်နေကြပြီး အများစုကတော့ အစိုးရရဲ့ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြကာ ရောဂါကူးစက်နိုင်တဲ့ လူကြားထဲသွားရမှာထက် အိမ်ကနေ အလုပ်လုပ်ပေးတဲ့သူရှိသလို တချို့ကလည်း အားလပ်ရက်ရှည်ယူထားကြပါတယ်။