ဖေဖော်ဝါရီ ၂ ။ ။ အစ္စရေး၊ အမေရိကန်နဲ့ အဆက်အသွယ် ချိတ်ဆက်ပတ်သက်မှု အားလုံးကို ဖြတ်တောက်ပြီ ဖြစ်ကြောင်း ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်က ဖေဖော်ဝါရီ ၁ ရက်မှာ ကြေညာသွားပါတယ်။လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် အစ္စရေး၊ အမေရိကန်နဲ့အကြား ဘယ်လို ဆက်သွယ်ချိတ်ဆက်ပတ်သက်မှုမှ ရှိတော့မှာမဟုတ်ဘူးလို့ ပါလက်စတိုင်းခေါင်းဆောင်က ပြောပါတယ်။
ဒါဟာ အစ္စရေးကို မျက်နှာသာပေးထားတယ်လို့ ရှုမြင်ခံထားရတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက်ပိုင်း ပါလက် စတိုင်း ခေါင်း ဆောင်က အထက်ပါအတိုင်း တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။သမ္မတ ထရမ့်ရဲ့ အငြင်းပွား အစီအစဉ်အပေါ် အာရပ်နိုင်ငံများအဖွဲ့ချုပ်ကလည်း ပယ်ချထားခဲ့ပြီး ဖြစ်ပါတယ်။
“ ခုချိန်ကစလို့ ခင်ဗျားတို့ (အစ္စရေး) နဲ့ရော၊ အမေရိကန်နဲ့ရော ဘယ်လို ဆက်ဆံမှုမျိုးမှ ကျုပ်တို့ဘက်က လုပ်တော့မှာမဟုတ်ပါဘူး၊ ဒါ ခင်ဗျားတို့ သိအောင်လို့ ကျူပ်တို့ ပြောရခြင်း ဖြစ်တယ်” လို့ အဘတ်စ်က ကိုင်ရိုမှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောသွားပါတယ်။
ပါလက်စတိုင်း ခေါင်းဆောင် အဘတ်စ်ကတော့ ယခင်ကလည်း အလားတူ ကြေညာချက်မျိုး ကြေညာခဲ့ဖူးပြီး ယခုတစ်ကြိမ် ကြေညာချက်မှာတော့ ဘယ်လိုမျိုး လက်တွေ့ကျင့်သုံးမှုတွေ ရှိလာမလဲ ဆိုတာကတော့ လက်တလော မသိရသေးပါဘူး။