ဇန်နဝါရီ ၆ ။ ။ အိန္ဒိယနိုင်ငံရှိ ဂုဏ်သတင်းကြီး တက္ကသိုလ်တစ်ခုတွင် ဇန်နဝါရီ ၅ ရက်က တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့၍ ကျောင်းသား ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
ထွက်ပေါ်နေသည့် သတင်းများအရ တုတ်ကိုင်ထားသည့် မျက်နှာဖုံးစွပ် တိုက်ခိုက်သူများက ယင်းတက္ကသိုလ်တွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ယင်းတိုက်ခိုက်မှုဖြစ်စဉ်သည် ရန်ဘက် ကျောင်းသားအုပ်စုနှစ်စုအကြား တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော် ယင်းဖြစ်စဉ်တွင် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် အချိတ်အဆက်ရှိ ကျောင်းသားအဖွဲ့တစ်ခုကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခဲ့သည်ဟု အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးက အပြစ်ဖို့ခဲ့သည်။
ဆိုရှယ်မီဒီယာပေါ် တက်လာသည့် အတည်ပြုနိုင်ခြင်းမရှိသော ဗီဒီယိုများအရ နယူးဒေလီရှိ ဂျဝါဟာလာ နေရူး တက္ကသိုလ် (JNU) ကျောင်းဝန်းအတွင်း နံပါတ်တုတ်များ ကိုင်ထားသည့် မျက်နှာဖုံးစွပ် တိုက်ခိုက်သူများ ဝင်ရောက်လာချိန် ကျောင်းသားများ အော်ဟစ်ထွက်ပြေးခဲ့ကြရသည်ကို မြင်တွေ့ခဲ့ရသည်။
“ ဒီနေ့ ညနေပိုင်းမှာ ကျောင်းသားအုပ်စုနှစ်ခုအကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြတာပါ၊ ဒဏ်ရာရသူတစ်ချို့ ရှိခဲ့ပါတယ် ၊ အခြေအနေက ထိန်းမရဖြစ်ခဲ့လို့ တက္ကသိုလ် အာဏာပိုင်တွေက ရဲကို ခေါ်ခဲ့ရတာပါ၊ ခုကတော့ အခြေအနေကို ထိန်းသိမ်းလိုက်နိုင်ပါပြီ” ဟု ဒေလီမြို့ ရဲအရာရှိတစ်ဦးက သတင်းထောက်များကို ပြောသည်။
ယင်းဖြစ်စဉ်သည် မိုဒီ၏ BJP ပါတီနှင့် အချိတ်အဆက်ရှိသော ကျောင်းသားအုပ်စုနှင့် JNU အုပ်ချုပ်ရေးအဖွဲ့အကြားက ပြဿနာဖြစ်ကြောင်း အိန္ဒိယ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး စီတာရမ် ယီချူရီက ပြောသည်။
“ ဒါ အာဏာရှိသူတွေဘက်က ကြိုတင်ကြံစည်တဲ့ တိုက်ခိုက်မှုတစ်ခုပါ” ဟု ယီချူရီက ပြောသွားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ BJP ပါတီဘက်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။