ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ယောကျာ်းလေးတွေကို ဒီပျက်ရှင်ဝင်စေနိုင်တဲ့အရာတစ်ခုရှိတယ်…အဲဒါ ဘီယာဗိုက်ပါပဲ။
ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့မရတော့လည်း အပင်ပန်းတော့ခံရပါမယ်။ ဗိုက်အဆီနဲ့ ကိုယ်အလေးချိန်များခြင်းက လိင်ကိစ္စအတွက်တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုတို့လိုရောဂါကြီးတွေပါဖြစ်နိုင်ခြေသိပ်များတာမို့ အမြန်ဖြေရှင်းသင့်၊ ကြိုတင်ကာကွယ်သင့်တဲ့အချက်ဖြစ်ပါတယ်။
လူကမဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင်တစ်ယောက်လိုပူဖောင်းဖောင်းလေးဖြစ်နေတာက အတော်ကိုရှိုးပဲ့လှပါတယ်။ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လိုလုပ်မလဲ ဒီဗိုက်ပျောက်သွားအောင်..
(၁) ကြည့်ကျက်သောက်ပါ
ဗိုက်အဆီကျဖို့ဆိုရင် အစားကိုဆင်ခြင်ဖို့လိုသလိုပဲ အသောက်ကိုလည်း ဆင်ခြင်ဖို့အရေးကြီးတယ်။ ဆိုလိုတာက ရေသောက်တာကိုပြောတာမဟုတ်ဘူးနော်။ ကိစ္စရှိလို့ ရံဖန်ရံခါသောက်ရတာ တော်သေးတယ်။ အရက်၊ ဘီယာတွေ၊ ဝိုင်တွေကို နေ့တိုင်းလိုလိုကစ်နေရင်တော့ ဗိုက်ပျောက်ဖို့ကိစ္စကို မေ့သာမေ့လိုက်ပါတော့။
ဘီယာဗိုက်မဖြစ်အောင် ဘီယာမသောက်ဘူး၊တခြားဟာသောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟောပါတာတွေသောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီတက်စေတဲ့ အရာတွေဖြစ်ပါတယ်။
(၂) ရေဓာတ်ပြည့်ဝအောင်နေပါ
ဘီယာသောက်တဲ့အခါ ရေဓာတ်မဆုံးရှုံးရစေဖို့ ရေလည်းသောက်ပေးရပါမယ်။ ဘီယာလည်းအရည်ပဲဆိုပြီး ကပ်သပ်မပြောနဲ့နော်။ အရက်ဘီယာတွေက ရေဓာတ်ပိုဆုံးရှုံးစေနိုင်တယ်။
(၃) ကယ်လိုရီလျှော့စားပါ
ဝိတ်နည်းနည်းကျချင်တယ်ဆို စားသောက်မှုအလေ့အထကိုပြောင်းလဲဖို့တော့လိုပါမယ်။ အဆီတွေလောင်ကျွမ်းအောင်လုပ်တဲ့ သင့်ရဲ့လေ့ကျင့်ခန်းတွေကို ပိုထိရောက်စေဖို့ ကယ်လိုရီတွက်ပြီးစားပါ။
အမြည်းတွေကို သတိထားပါ။ အာလူးကြော်၊ စားသောက်ဆိုင်က အမြည်းဟင်းပွဲတွေ၊ တခြားအစားအစာတွေအပါအဝင် အမြည်းလုပ်တဲ့အရာမှန်သမျှ ကယ်လိုရီ၊ အငန်နဲ့ အဆီတွေ ပါဝင်မှုများပါတယ်။
(၄) ကျန်းမာရေးနဲ့ညီတာတွေ စားပါ
အားကစားတွေ နင်းကန်လုပ်နေလည်း တနေကုန်အပြင်စာတွေလှိမ့်စားနေရင် ဗိုက်က ပူသထက်ပူလာမှာနော်။ ပြုပြင်စီမံထားတာတွေလည်းမစားသင့်ဘူး။ အသားဓာတ်ရအောင် အသားငါးနဲ့ကြက်ဥ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ ငါးကြီးဆီလို ကျန်းမာရေးအကျိုးပြုအဆီတွေ၊ ကာဗိုဟိုက်ဒရိတ်ရအောင် ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေစားပေးပေါ့။
မနက်စာမစားတာ၊နေ့လယ်စာလွတ်တာ၊ ညစာမစားဘဲသောက်ပဲသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရပြည့်တဲ့အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏနဲ့ အချိန်မှန်စားပေးပါ။
(၅) အားကစားလုပ်ပါ
ဂျင်မ်သွားတာ ဓာတ်ပုံရိုက်ဖို့လောက်ပဲတော့ မလုပ်နဲ့လေ။ ကြွက်သားကျစ်မယ့် လေ့ကျင့်ခန်းတွေလုပ်တာက အဆီကျပြီး ခန္ဓာကိုယ်ကျစ်လျစ်သန်မာစေတယ်။ ဗိုက်ကြွက်သားတွေ ချပ်ရပ်ပြီး six pack ဖြစ်လာပါလိမ့်မယ်။
လေ့ကျင့်ခန်းမလုပ်နိုင်၊ ဂျင်မ်မသွားရင်တောင်မှ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ ဖြစ်နိင်ရင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက်တော့ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်တာကောင်းပါတယ်။