ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
လူတော်တော်များများက လိင်ဆက်ဆံြပီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ တကယ်တော့ လိင်ဆက်ဆံပြီးတာနဲ့ ချက်ချင်းဆီးထသွားဖို့တော့ မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာသုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။
ဒါဆိုရင် လိင်ကိစ္စအပြီး ဆီးသွားတာက ဘာအကျိုးမှမရှိတော့ဘူးလား။
ထိုးသွင်းဆက်ဆံနေချိန်မှာ အကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။ လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်ပြီး ရောင်တာတွေ၊ မဖြစ်စေတော့ပါဘူး။ ဒီအချက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အကျိုးရှိပါတယ်။
ထိုးသွင်းဆက်ဆံမှုမရှိရင်ရော ဆီးသွားဖို့လိုအပ်လား။
တစ်ယောက်ကို တစ်ယောက် လက်နဲ့ပဲ အာသာဖြေတာဆိုရင်တော့ ဆက်ဆံခြင်းပြီးတာနဲ့ အိမ်သာအမြန်ပြေးပြီး ဆီးသွားဖို့မလိုအပ်ပါဘူး။ တစ်ခုသတိထားဖို့လိုအပ်တာက ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ (အမျိုးသားက မိန်းမကိုယ်ကိုဖြစ်စေ၊ အမျိုးသမီးက လိင်တံကိုဖြစ်စေ) ပါးစပ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လိင်အင်္ဂါမှာကပ်ကျန်နေနိုင်သလို လိင်အင်္ဂါမှာရှိတဲ့ အညစ်အကြေး၊ ပိုးမွှားတွေဟာလည်း ပါးစပ်ထဲကို ဝင်ရောက်နိုင်ပါတယ်။
ဘယ်အချိန်ဆို ဆီးသွားသင့်ပြီလဲ။
လိင်ဆက်ဆံအပြီး မိနစ် ၃၀ အတွင်း ဆီးသွားရင်တော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်စေဖို့ ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်၊ ပြုပြီးတဲ့အချိန် အနားမှာ ရေတစ်ခွက်ဆောင်ထားပြီး ပုံမှန်သောက်ပေးနေဖို့တော့ လိုပါတယ်။
ဆီးသွားလိုက်ရင် ကိုယ်ဝန်ကို တားဆီးပေးနိုင်လား။
စိတ်မကောင်းစွာနဲ့ပဲ ဒါကတော့ လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောပါရစေ။ သုက်ထွက်ပြီးပြီးချင်း ဆီးသွားလိုက်မယ်ဆိုရင်တောင် ကိုယ်ဝန်ကိုတော့ လုံးဝမတားဆီးပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်ပြီဆိုတာနဲ့ သုက်ပိုးေတွဟာ မျိုးဥအတွင်းသို့ ဝင်ရောက်နေပါပြီ။
အကယ်လို့ ကိုယ်က ကိုယ်ဝန်ရဖို့ ရည်စူးထားတာဆိုရင်တော့ လိင်ဆက်ဆံပြီးပြီးချင်း မိနစ်အနည်းငယ်လောက်စောင့်ပြီးမှ ဆီးသွားသင့်ပါတယ်။ အမျိုးသားရဲ့ သုက်ပိုးတွေက ကျန်းမာသင့်သလောက် မကျန်းမာတာ၊ မျိုးဥဆီသို့ ကူးခတ်နှုန်းနှေးကွေးတာတွေ ရှိနိုင်တာကြောင့်ပါ။
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုရော တားဆီးပေးနိုင်လား။
မတားဆီးပေးနိုင်ပါဘူး။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကိုသာ ရှင်းထုတ်ပေးတာဖြစ်ပြီး မျိုးလမ်းကြောင်းမှာ ကျန်နေတဲ့ ရောဂါပိုးတွေ၊ သုက်ရည်နဲ့ သုက်ပိုးတွေ ပါလာနိုင်ခြင်းမရှိပါဘူး။ အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ အသေးငယ်ဆုံးသော ဒဏ်ရာအမာရွတ်တွေကနေ ကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီတော့ ဆီးသွားရုံလောက်နဲ့တော့ ရောဂါပိုးတွေ ဖယ်ထုတ်ပေးနိုင်ခြင်းမရှိပါဘူး။
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် လိင်ဆက်ဆံပြီးတဲ့အခါ ဆီးသွားခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန်နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ အကောင်းဆုံး ဆီးသွားဖို့အချိန်ကတော့ လိင်မှုကိစ္စအပြီး နာရီဝက်အတွင်းဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ တခြားကူးစက်ရောဂါတွေကို ကာကွယ်ချင်ရင်တော့ ကွန်ဒုံးကို အသုံးပြုပြီးတော့ လိင်ဆက်ဆံကြပါလို့ တိုက်တွန်းလိုက်ပါရစေ။