မိန်းကလေးတွေရဲ့ဦးနှောက်က ယောကျာ်းလေးတွေထက် ပိုအရွယ်တင်ကြောင်း တွေ့ရှိ

မိန်းကလေးတွေရဲ့ဦးနှောက်က ယောကျာ်းလေးတွေထက် ပိုအရွယ်တင်ကြောင်း တွေ့ရှိ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိန်းမဉာဏ်နဲ့ လာမယှဉ်နဲ့၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပဲလုပ်ရုံ၊ ယောက်ျားလေးတွေက ပိုဆုံးဖြတ်နိုင်တယ်၊ ဦးဆောင်နိုင်တယ်ဆိုတဲ့ရှေးစကားတွေက အခုခေတ်မှာ ရယ်စရာဖြစ်လို့နေပါပြီနော်။

ကျား၊မ မခွဲခြားဘဲ ရင်ပေါင်တန်းနိုင်တဲ့ခေတ်မှာ ကိစ္စအတော်များများကို တန်းတူလုပ်နိုင်တယ်ဆိုပေမယ့် တချို့အရာတွေမှာတော့ ကပ်သပ်မငြင်းသင့်ဘူးပေါ့။

ဒါပေမယ့် အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းခွင်တွေ၊ အဖွဲ့အစည်းတွေ၊နေရာအတော်များများမှာတော့ ဘယ်သူကသာတယ် ယှဉ်နေဖို့မသင့်ပါဘူး။

ယှဉ်နေဖို့မသင့်ပေမယ့်လည်း သုတေသနတစ်ခုမှာတော့ မိန်းကလေးတွေက သာနေပြန်ပါရော။ အသက်ကြီးလာလည်း မိန်းကလေးတွေရဲ့ ဦးနှောက်က ကြီးရင့်မှုပိုနှေးတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် မိန်းကလေးတွေရဲ့ဦးနှောက်က သက်တူရွယ်တူယောကျ်ားလေးတွေရဲ့ဦးနှောက်ထက် ၃ နှစ်စာလောက် ပိုနုပျိုပါတယ်တဲ့။

“ မိန်းကလေးတွေက အသက်အရွယ်တူယောကျ်ားလေးတွေနဲ့ယှဉ်ရင် ဉာဏ်ရည်စစ်ဆေးလေ့လာမှု တွေမှာ ရလဒ်ပိုကောင်းတာကို တွေ့ရတယ်” လို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ သုတေသီ Dr. Manu Goyal ကပြောပါတယ်။

လူသားတွေရဲ့ဦးနှောက်မှာ အသက်ကြီးလာတာနဲ့အမျှ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့တာပါ။

ပြောင်းလဲမှုတစ်ခုမှာဆိုရင် ဦးနှောက်က သူ့ရဲ့စွမ်းဆောင်ရည်ကို အားဖြည့်နိုင်ဖို့ သကြားဓာတ်နဲ့အောက်ဆီဂျင်ကိုအသုံးပြုခဲ့တဲ့ နည်းလမ်းမျိုးပါဝင်တယ်လို့ Goyal ကပြောပါတယ်။

သုတေသီတွေက အသက် ၂၀ ကနေ ၈၂ နှစ်အတွင်းရှိသူ ၂၀၅ ဦးကို ဦးနှောက်ပုံရိပ်ဖော်စကင်န်စမ်းသပ်မှု တွေလုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ဦးနှောက်ထဲက အောက်ဆီဂျင်နဲ့သကြားဓာတ်လည်ပတ်စီးဆင်းမှုကို တိုင်းတာခဲ့တာဖြစ်ပါတယ်။

ဦးနှောက်တွင်းဇီဝဖြစ်စဉ်တွေကို နှိုင်းယှဉ်လေ့လာတဲ့အခါမှာ အမျိုးသမီးတွေရဲ့ဦးနှောက်က သူတို့ရဲ့ အမှန်တကယ့်အသက်အရွယ်ထက် ပျမ်းမျှ ၃.၈ နှစ် ပိုနုပျိုနေတာတွေ့ရပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက်တော့ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုများနေတယ်လို့ သုတေသီတွေက သတိပေးပြန်ပါတယ်။

မှတ်ဉာဏ်နဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးစေပေမယ့် သွေးဆုံးချိန်မှာ ကျဆင်းသွားတတ်တဲ့ အက်စထရိုဂျင် ဟော်မုန်းကပဲ အဓိကကျတဲ့အချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly