ဒီဇင်ဘာ ၁၈။ ။ ထိုင်းနိုင်ငံက အမျိုးသမီး အကျဉ်းထောင်များ၏ သံတိုင်များ နောက်တွင် ယခုအခါ နှုတ်ခမ်းနီ (နှုတ်ခမ်းဆိုးဆေး) သည် ဂုဏ်သိက္ခာဆိုင်ရာ သင်္ကေတတစ်ခု အဖြစ် ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်သည်။
“ နှုတ်ခမ်းနီ က တကယ်တော့ အကျဉ်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ဖို့ အကူအညီဖြစ်စေပါတယ်၊ နောက်ပြီး ဒီ နှုတ်ခမ်းနီကြောင့်ပဲ သူတို့ (အကျဉ်းကျ အမျိုးသမီးများ) တွေကို စိတ်ဓာတ်တက်ကြွလန်းဆန်း စေနိုင်ပါတယ်” ဟု သံတိုင်များနောက်က အလှတရား (Beauty Behind Bars) ပရောဂျက် ပူးတွဲတည်ထောင်သူ Watinee Chaithairasakul က EFE ကို ပြောသည်။
Watinee သည် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးနှင့် လက်တွဲပြီး အဆိုပါ ပရောဂျက်ကို လွန်ခဲ့သည့် သုံးနှစ်ခန့်က စလုပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၇ နှစ်ရှိ Watinee သည် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးြဖစ်သည့် Pronhip Mankong နှင့် ဆုံတွေ့ခဲ့ပြီးနောက် အကျဉ်းထောင်များထဲ ရှိနေသူများ၏ ဘဝများကို တိုးတက်စေနိုင်မည့် နည်းလမ်းတစ်ခု ရှာ ဖွေရန် အကြံရခဲ့ကြသည်။ Pronhip Mankong သည် တော်ဝင်ထီးနန်းကို ညှိုးနွမ်းစေမှုအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံပြီး ပြန်လွတ်လာခဲ့သူလည်းဖြစ်သည်။
ပုံမှန်အားဖြင့် ထိုင်း အကျဉ်းထောင်များထဲရှိ အသေးစား စတိုးဆိုင်လေးများသည် ကုန်ပစ္စည်းများကို အပြင်မှ ယူပြီး စျေးနှုန်း မတန်တဆတင်ကာ ပြန်လည်ရောင်းချပေးသည်။ သို့သော် အမျိုးသမီး အလှပြင် ပစ္စည်းများမှာမူ ယင်း ဆိုင်များတွင် တွေ့ရခဲပြီး မှောင်ခိုစျေးကွက်တွင်သာ မတန်တဆ စျေးနှုန်းဖြင့် ရတတ်လေ့ ရှိသည်။
ယင်းနောက် Watinee နှင့် Pronhip တို့သည် အကျဉ်းထောင်များထဲသို့ နှုတ်ခမ်းနီများ ပို့ရန် ဆုံးဖြတ်ခဲ့ကြသည်။ နှုတ်ခမ်းနီ က ထောင်ထဲ သယ်ယူ၍ ရသော ပစ္စည်းတစ်ခုဖြစ်သည့်အပြင် အလွယ်တကူ recycle လုပ်နိုင် သည်။ ယင်းအပြင် ပါးနီအဖြစ်လည်း သုံးနိုင်သေးသည်။
ယခုအခါ တစ်နှစ်လျင် တစ်ကြိမ် Watinee သည် ဖေ့ဘွတ်ခ်ပေ့ချ်ပေါ်ကနေတဆင့် အွန်လိုင်းသုံးသူများထံမှ အသုံးပြုပြီးသားနှုတ်ခမ်းနီများကို အလှူခံလေ့ ရှိသည်။ အလှူခံ၍ ရရှိလာသော နှုတ်ခမ်းနီများကို Watinee သည် ပိုးသတ်ကာ recycle လုပ်ပြီးမှ ထောင်များထဲသို့ ပို့ပေးလျက် ရှိသည်။