ဒီဇင်ဘာ၁၆၊ ရန်ကုန်။ ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်များတွင် မြန်မာ့တပ်မတော်၊ အမြောက်တပ်ရင်း(၃၆၀)နှင့် ခြေလျင်တပ်ရင်း (၂၅၀)မှ တပ်အရာရှိများက တရားလိုပြုလုပ်ကာ တောင်သူများ ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ကာ ယခုလ(ဒီဇင်ဘာလ)အထိ တရားစွဲဆိုထားရာမှာ ၄၁ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တောင်သူအမျိုးသား(၃၆)ဦးနဲ့ အမျိုးသမီး(၅)ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆/၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၄၇(ပိုင်နက်ကျူးကျော်မှု)များဖြင့် တရားစွဲဆိုထားပြီး တချို့မှာ ပုဒ်မ နှစ်ခု စလုံးဖြင့် တရားစွဲဆိုခံထားရသည်။
ကယားပြည်နယ်အတွင်း လယ်ယာ လုပ်ကိုင်စားသောက်နေသည့် တောင်သူ ၄၁ ဦးကို တပ်ပိုင်မြေတွင် ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေသည်ဟုကာ ပုဒ်မအမျိုးမျိုးတပ်ပြီး တောင်သူများ တရားစွဲဆိုခံထားရခြင်း ဖြစ် ကြောင်း ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ခူးသူရယ်က ပြောသည်။
“ကျွန်တော် တွေ့ကြုံခဲ့တဲ့ အခြေအနေအရတော့ အမျိုးသမီးတစ်ယောက်ကို ကြိုးနဲ့တုပ်တယ်၊ သံကြိုးနဲ့ပေါ့၊ နောက် လက်ထိပ်လည်း ခတ်သွားတယ်၊ အဲမြင်ကွင်းကတော့ ကျွန်တော်မျက်လုံးထဲကကို မထွက်ဘူး၊ သူတို့က ထောင်ထဲမှာ မနေချင်ဘူးဆိုပြီး ကလေးတစ်ယောက်လို လာပြောတာက တော်တော် စိတ်ထိခိုက်ရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် တရားစွဲဆိုခံထားရသည့် တောင်သူတချို့မှာ မြန်မာစကား ကောင်းမွန်စွာ နားမလည်ခြင်းကြောင့် ဘာသာစကား အခက်အခဲများရှိနေပြီး အိမ်ထောင်ဦးစီးများ တရားရင်ဆိုင်နေရခြင်းကြောင့် မိသားစုဝင်များ၏ စီးပွားရေး၊ ပညာရေး အခက်အခဲများလည်း ဖြစ်ပေါ်နေသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ် မေးမြန်းရာတွင် မြေယာကိစ္စမှာ အလွန်ရှုပ်ထွေးသည်ဟု ပြောသည်။
ဗိုလ်ချုပ် ထွန်းထွန်းညီက “သူတို့အမှု အကြောင်းအရာ ပေါ်မှာလည်း မူတည်ပါတယ်၊ ကျွန်တော်တို့ တရားစွဲ တယ်ဆိုတဲ့ အကြောင်းအရာ က တရားစွဲစရာ အခြေအနေ ဖြစ်လာမှ စွဲတာလေ”ဟု ပြောသည်။
တရားစွဲဆိုခံထားရသော တောင်သူများပြားလာသည့် ကိစ္စရပ်အပေါ် မြန်မာ့တပ်မတော်မှ တောင်သူ လယ် သမားများ၏ ဘဝအခြေအနေကို သိရှိနားလည် ကိုယ်ချင်းစာပြီး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲ နေမှု များ အား ရုတ်သိမ်းပေးရန်၊ ဖက်ဒရယ်မြေယာစနစ်ကို ကျင့်သုံးရန် တောင်သူ လယ်သမားအရေး လှုပ်ရှား နေသည့် အရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က စုပေါင်း၍ ဒီဇင်ဘာ ၁၆ ရက်က သဘောထားကြေညာချက် တစ်စောင် ထုတ် ပြန်ကာ တိုက်တွန်းထားသည်။
ထိုအရပ်ဖက် အဖွဲ့အစည်းများက တရားစွဲခံထားရသည့် တောင်သူများကို အမှုပြန်လည် ရုတ်သိမ်းပေးရန် ပြည်နယ်အစိုးရထံ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ပြီး မိသားစုဝင်များ၏ လူမှုရေး ပြသာနာများကိုလည်း အတက်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားမည်ဟု ဆိုကြသည်။
တရားစွဲ ခံထားရသည့် (၄၁)ဦးအနက် (၁၁)ဦးမှာ ထောင်အချုပ်ချကာ တရား ရင်ဆိုင်နေရပြီး ကျန် တောင်သူ (၃၀)ဦးမှာ အာမခံဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။ ထိုတောင်သူ(၄၁)ဦးကို လွိုင်ကော်မြို့နယ် တရား ရုံးနှင့် ဒီးမော့ဆိုမြို့နယ် တရားရုံးများ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ထပ်မံ ရုံးထုတ် စစ်ဆေးမည် ဖြစ် သည်။