ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။ ။ ဗိုလ်ချုပ် အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်အား မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တွင် ပြသရန် မသေချာသေးကြောင်း ဒါရိုက်တာ လူမင်းက ပြောသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ က ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာအတွင်း ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ ရည်မှန်းချက်ထားပြီး ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သို့သော် ကွန်ပျူတာအထူးပြချက် အပိုင်းတွေ အများကြီး ပါနေတော့ အဲ့ဒီအချိန်ကို မှီနိုင် ၊ မမှီနိုင်ဘူးဆိုတာ အလုပ်လုပ်နေရင်း ကျွန်တော်တို့ ပြောလို့ရမှာပါ” ဟု ဒါရိုက်တာ လူမင်းက ပြောသည်။
လာမည့် ၂၀၂၀ အောက်တိုဘာ ၁၃ ရက်နေ့တွင် မြန်မာ့ ရုပ်ရှင် နှစ် ၁၀၀ ပြည့်မြောက်မည် ဖြစ်သည်။ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ပြင်ဆင်မှုအပိုင်းမှာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီး ဗိုလ်ချုပ် ၏ တက္ကသိုလ် ကျောင်းသားဘဝ ၊ နိုင်ငံရေးသမားဘဝ ၊ ရဲဘော်သုံးကျိပ်ဘဝ အထိ စီးရီးလိုက်ရိုက်ကူးမည်ဖြစ်ကာ လက်ရှိ တွင် ရဲဘော်သုံးကျိပ်ဘဝအထိ ရိုက်ကူးပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ယခင်က ဗိုလ်နေဝင်းနေရာတွင် သရုပ်ဆောင် နိုင်းနိုင်းက ရိုက်ကူးရန် သဘောတူထားသော်လည်း ပြောင်းလဲမှုအဖြစ် သရုပ်ဆောင် နိုင်းနိုင်း အစား သရုပ်ဆောင် အောင်မင်းခန့်အား ပြောင်းလဲ ရိုက်ကူးသွားမည်ဖြစ်သည်။
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးစဉ် ရန်ကုန်တက္ကသိုလ် ထမင်းစားခန်းအတွင်းက ပြင်ဆင်ရိုက်ကူးမှု နှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် ဝေဖန်ပြောဆိုမှုများရှိလာခြင်းက ရိုက်ကူးမှုအတွက် အကောင်းဆုံး အထောက်အကူပြုကြောင်းနှင့် အချိန်မီ ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒါရိုက်တာလူမင်းက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်းအား စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်အပါအဝင် ၊ မန္တလေး ၊ အင်းဝ ၊ ရေနံချောင်း အစရှိသော မြို့များတွင် ဆက်လက်ရိုက်ကူးနေကြောင်း သိရသည်။