ဒီဇင်ဘာ ၁၃ ။ ။ ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာ ၁၂ ရက်နေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာ ဗေးတစ်ပါတီမှ အမတ်နေရာ အများစု အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်တွင် ကျင်းပသည့် EU ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသူများကလည်း ဥရောပသမဂ္ဂမှ ဗြိတိန် နှုတ်ထွက်ရေး (Brexit )ကို ထောက်ခံသော ကိုယ်စားလှယ်များ အနိုင်ရရှိရေး မျှော်လင့်နေကြပြီး မဲရလဒ်များ အရ စိတ်သက်သာရာ ရသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ပါလီမန်အမတ်နေရာ ၆၅၀ တွင် ကွန်ဆာဗေးတစ်ပါတီက ၃၆၈ နေရာ အနိုင်ရထားကြောင်း မဲ ရလဒ် ခန့်မှန်း ချက်များအရ သိရသည်။
ရွေးကောက်ပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်၏ပါတီ အနိုင်ရပြီးနောက် ဥရောပ ခေါင်းဆောင်များသည် ယနေ့(ဒီဇင်ဘာ ၁၃ ရက်)တွင် EU ဆိုင်ရာ ညှိနှိုင်းရေးမှူး Michel Barnier နှင့် ကုန်သွယ်ရေး သဘောတူ ညီချက်ဆိုင်ရာများ ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်သည်။
ဥရောပ ကောင်စီဥက္ကဋ္ဌသစ် ချားလ်စ်မီချယ်က “ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးကို ဗြိတိန်ပါလီမန် အနေဖြင့် လက်ခံမလားဆိုတာ စောင့်ကြည့်ရမှာပါ၊ ကျွန်တော်တို့အနေနဲ့ နောက်ထပ် အဆင့်တွေအတွက် လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြောသည်။
ဗြိတိန်သည် လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး ဥရောပသမဂ္ဂမှ ခွဲထွက်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကတိကဝတ် ပြုထားသည်။ ရွေးကောက်ပွဲ အနိုင်ရလဒ်သည် Brexit ကို ထောက်ခံသည့် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်ကိုလည်း စိတ်အေးစေမည်ဖြစ်ကြောင်း ဥရောပ ဆိုင်ရာ ပြင်သစ်ဝန်ကြီး Amelie de Montchalin က ဆိုသည်။