ဒီဇင်ဘာ ၁၁။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်များအနေဖြင့် ၎င်းအား အပြစ်ရှိကြောင်း စွဲဆိုချက်တွင် ထောက်ခံမဲပေးခဲ့လျှင် လာမည့်နှစ်၌ အောက်လွှတ်တော်တွင် အမတ်နေရာ အများအပြား ဆုံးရှုံး ရလိမ့်မည်ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။
“ဘယ်ဒီမိုကရက်ပါတီဝင်မဆို ဒီအတုအယောင် အပြစ်ရှိကြောင်း စွဲဆိုချက်ကို မဲပေးတာဟာ အောက်လွှတ်တော် အများစုနေရာတွေ၊ ၎င်းတို့ရဲ့ ဂုဏ်သိက္ခာတွေနဲ့ တာဝန်ဝတ္တရားတွေကို စတေးရလိမ့်မှာ ဖြစ်တယ်။”ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်က လူထုစုရုံးပွဲတစ်ရပ်တွင် ထရမ့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတ ထရမ့်သည် အာဏာအလွဲသုံးစား လုပ်ပြီး ရာထူးက ဖယ်ရှားသင့်သည်ဟု အခိုင်အမာစွဲဆိုထားသည့် အပြစ်ရှိကြောင်း စွဲဆိုချက်နှစ်ရပ်ကို ဒီဇင်ဘာ ၁၀ ရက်၌ ဒီမိုကရက်များက ထုတ်ပြန်ခဲ့သည်။
အာဏာအလွဲသုံးစားလုပ်ခြင်း၊ လွှတ်တော်အား ဟန့်တားခြင်း စသည့် စွဲဆိုချက်များကို လာမည့် သီတင်းပတ်တွင် အောက်လွှတ်တော်၌ မဲပေး အတည်ပြုဖြစ်ပါက သမ္မတ ထရမ့်အနေဖြင့် အပြစ်ရှိကြောင်း စွဲချက်တင်ခံရမည်ဖြစ်ကာ ဆီးနိတ်လွှတ်တော်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
သမ္မတ ထရမ့်သည် ၎င်း၏ နိုင်ငံရေးပြိုင်ဖက် ဒီမိုကရက်မှ သမ္မတလောင်း ဂျိုးဘိုင်ဒင်အား ယူကရိန်းတွင် စီးပွားရေးလုပ်ငန်းများ၌ အကျင့်ပျက်ခြစားမှု ရှိခဲ့သည်ဟု ကြေညာနိုင်ရန် ယူကရိန်းအား ပေးထားသည့် စစ်ရေးအကူအညီများကို လက်ကိုင်တုတ်လုပ်ပြီး ဖိအားပေး စုံစမ်းထောက်လှမ်းခိုင်းခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/