ဒီဇင်ဘာ ၆။ ။ လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လအထိ တစ်နှစ်လျှင် အတိုးနှုန်းနည်းပါးသည့် ချေးငွေ ကန်ဒေါ်လာ ၁ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံ အကြား တရုတ်ထံ ထုတ်ချေးပေးမည့် အစီအစဉ်တစ်ရပ် ရေးဆွဲ အတည် ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
တရုတ်ထံ အတိုးနှုန်း နည်းပါးသည့် ချေးငွေ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ထုတ်ပေးမည့် အစီအစဉ်သစ်ကို ယင်း၏ ဘုတ်အဖွဲ့က သဘောတူ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် အမ်နူချင်နှင့် တခြားသော အမေရိကန် ဥပဒေပြုအမတ်များ ကန့်ကွက် နေသည့်ကြားမှ ကမ္ဘာ့ဘဏ်က တရုတ်ချေးငွေကိစ္စကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့တွင် ပါနေသည့် အမေရိကန်ဘ ဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကလည်း အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က ကန့်ကွက်ခဲ့ကြောင်း အမ်နူချင်မှ အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ ကြားနာမှုတစ်ခု၌ ပြောသည်။
တရုတ်တို့အနေဖြင့် လွန်စွာ ချမ်းသာကြွယ်ဝလျက် ရှိနေသည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာ အကူအညီမျိုး လက်ခံရယူရန် မထိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဝေဖန်ပြောကြားသည်။
တချိန်တည်းမှာပင် တရုတ်အစိုးရအနေဖြင့် ယင်း၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အခြေခံ အဆောက်အအုံ စီမံကိန်းကြီး ကနေတဆင့် ဆင်းရဲသော နိုင်ငံများကို ဒေါ်လာငွေကြေး ဘီလီယံများစွာ ထုတ်ချေး ပေးနေမှုကိုလည်း ဘဏ္ဍာရေးဝန်ကြီး အမ်နူချင်က ထောက်ပြ သွားခဲ့သည်။
တရုတ်တို့၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ကမ္ဘာ့ဘဏ်၏ ပါဝင်ပတ်သက်မှုကို ကမ္ဘာ့ဘဏ ်ဘုတ်အဖွဲ့တွင် ထောက်ခံမှု ရခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းတွင် ယခု ငါးနှစ်တာ ချေးငွေ မဟာဗျူဟာ အစီအစဉ်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/