နှစ် ၇၀ ပြည့်မြောက် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်
**********************
အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ အိန္ဒိယ သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနား ကို နံနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Saurabh Kumar ဦးဆောင်၍ သံရုံးဝန်ထမ်းများ နှင့် အတူ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနိဒါန်းပိုင်းကို ဖတ်ကြားခဲ့ကြသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Saurabh Kumar ကအိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစတင်ပြဋ္ဌာန်းနိုင်ခဲ့မှု သမိုင်းကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နေ့တွင် အိန္ဒိယနိုင်ငံအတွင်း ပညာရေးနှင့်စာတတ်မြောက်မှု ဦး စီးဌာန အောက်ရှိ ကျောင်းများအားလုံး၌ ကျောင်းသူကျောင်းသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်း ကို ဖတ်ကြားရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပကာ နိုင်ငံအသီးသီးရှိ အိန္ဒိယ သံရုံးများ၌လည်း အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပပြုလုပ်ကြသည်ဟု သိရသည်။
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး