နေပြည်တော်၊ နိုဝင်ဘာ ၂၆ ။ ။ တရားလွွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး အောင်ဝင်းထွန်း နှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဦးကိုနီ၏ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူများက လျှောက်ထားခဲ့သည်။
ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဇေယျာဖြိုးသည် ဝရမ်းပြေး အောင်ဝင်းခိုင် သက်သေခံပစ္စည်း ဖျောက်ဖျက်ရာတွင် ရုံးခန်းကို အသုံးပြုခွင့်ပေးခဲ့သည့် အတွက် ရာဇသတ်ကြီးပုဒ်မ(၂၀၁)အရ ထောင်ဒဏ် ငါးနှစ် ကျခံရန် နှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ် ကျခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် အမိန့်ချမှတ်ထားသည့်အမှုအတွက် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျောက်ထားကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြစ်ဒဏ်တိုးမြှင့်ချထားပေးရန် တောင်းဆိုမှုအပေါ် နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအရာရှိကလည်း ထောက်ခံခဲ့ကြောင်း ဦးကိုနီဘက်က လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်၏ ပြောကြားချက်အရ သိရသည်။
“အဓိက ကျွန်တော်တို့ကတော့ ဇေယျာဖြိုးကို ၃၀၂ ၊ ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲ(ခ) /၁၀၉ ပြည်ထောင်စု တရားလွှတ်တေ်ာချုပ် အဆင့်အထိ အတည်ဖြစ်ထားတဲ့ စွဲချက်အမိန့်အတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပါ။ နောက်ပြီးတော့ အဲ့ဒီမှာ သက်သေခံပစ္စည်းကို ဖျောက်ဖြက်မှုအရ ရာဇသတ်ကြီးပုဒ်မ ၂၀၁ ပထမပိုင်းနဲ့ ခုနှစ်နှစ် ပေးလို့ရတာကို ငါးနှစ်ထဲပေးထားတယ်။ ဒါလည်းပဲ စတိ သဘောဖြစ်တယ်။ အဲ့ဒါအရလည်း ပြစ်ဒဏ်တိုးပါ။ အောင်ဝင်းထွန်းကို လည်းပဲ ဒီပြစ်မှုကျူးလွန် ပြီးကြောင့် ယုံကြည်ရန် အကြောင်းရှိလျက်နဲ့ သူ့ရဲ့ညီအစ်ကိုတော် အခုသေဒဏ်ကျတဲ့ အောင်ဝင်းဇော်ကို လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘားအံလမ်းကြောင်းကို လိုက်ပို့တဲ့အတွက် သူ့ကိုလည်းပဲ ငါးနှစ်ထိထိုက်တယ်။ အခုကသုံးနှစ်ထဲချတယ်။ ချုပ်ရက်က တစ်နှစ်ရှိတော့ စတိသဘောဖြစ်တယ်။ ဒါမဖြစ်သင့်ဘူး” ဟု တရားလွှတ်တေ်ာ ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာများကို ပြောသည်။
ဦးကိုနီအသတ်ခံရမှုအတွက် ရုံးချိန်းပေါင်း တစ်ရာကျော် စစ်ဆေးခဲ့ပြီးနောက် ချမှတ်ခဲ့သည့် အမိန့်များကို ပြင်ဆင်ပေးရေးအတွက် ယခုကဲ့သို့ အယူခံတင်သွင်းခဲ့သလို ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ ဘက်က လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေကလည်း ပြစ်ဒဏ်လျော့ပေါ့ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
“တဖက်ရှေ့နေတွေကတော့ သူတို့က အပြစ်မရှိတဲ့ အတွက် သူတို့လူတွေကို တရားသေ လွှတ်ပေးပါလို့ လျှောက်တယ်” ဟု ဦးရောဘတ်ဆန်းအောင် တရားလွှတ်တေ်ာရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇန်နဝါရီလပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပခရီးစဉ်မှ ပြန်လာသည့် တရားလွှတ်တေ်ာ ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက အနီးကပ်ပစ်သတ်ခဲ့ခြင်း ဖြစ်ပြီး အငှားယာဉ်မောင်း ဦးနေဝင်းက ကူညီဖမ်းဆီးပေးရင်း သေနတ်ထိမှန်သေဆုံးခဲ့ရသည့်အမှု ဖြစ်သည်။
အဆိုပါလူသတ်မှုအတွက် ကြည်လင်းနှင့် အမှုတွဲဖြစ်သည့် အောင်ဝင်းဇော်ကို သေဒဏ်ပေးခဲ့သည့်အပြင် ဦးနေဝင်းသေဆုံးမှုအတွက်လည်း ကြည်လင်းကို နောက်ထပ် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။ အဓိက တရားခံတစ်ဦးဖြစ်သည့် အောင်ဝင်းခိုင်သည် နေပြည်တော် ပရဆေးဥယဉ်အနီးတွင် ပျောက်ဆုံးသွားသည်ဟု ဆိုကာ တရားခံပြေးအဖြစ် ကြေညာထားသည်။ အောင်ဝင်းခိုင် ထွက်ပြေးလွတ်မြောက်ရေးအတွက် ကူညီခဲ့သည်ဟုဆိုကာ ဇေယျာဖြိုးကို ထောင်ဒဏ်ငါးနှစ်နှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။