ရန်ကုန်၊ နိုဝင်ဘာ ၁၈။ ။ ရက္ခိုင့်တပ်(AA) နှင့် တပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပလက်ဝဒေသရှိ ကျေးရွာ (၁၀) ရွာခန့် ပျက်စီးသွားခဲ့ပြီး ဒေသခံများ နေထိုင်ခြင်းမရှိတော့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများမှ မဇ္ဈိမသို့ ပြောသည်။
လက်ရှိတွင် AA နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် ပလက်ဝဒေသထဲတွင် ပျက်စီးပြီး လူနေထိုင်ခြင်း မရှိ တော့သည့် ကျေးရွာများမှာ ကင်းတလင်းရွာ၊ ခမောင်းဝရွာ၊ မောင်တလန်ရွာ၊ကုန်းပြင်ရွာ၊ အပါအဝင် ကျေးရွာ ၁၀ ရွာ ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။
ပလက်ဝမြို့အဝကို တွေ့ရစဉ်။
ချင်းပြည် နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝန်ကြီး ဦးစိုးထက်က “ မနေရဲကြတော့တာ၊ သူက ကျောင်းလည်း မရှိတော့ဘူး။ ကင်းတလင်း၊ ခမောင်းဝ၊ မောင်တလန်တို့ ရွာတွေလည်း ပျက်သွားပြီ မရှိတော့ဘူး “ ဟု ပြော သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ AA တပ်ဖွဲ့ ၂၀၁၅ ခုနှစ်က စတင် လှုပ်ရှားလာပြီး တိုက်ပွဲများ ဖြစ်ပွား လာခဲ့ရာမှ ကုန်းပြင်ကျေးရွာ၊ ကင်းတလင်းကျေးရွာ အပါအဝင် ရွာ ၁၀ ရွာမှ ဒေသခံ ၄၀၀၀ ကျော်သည် ရှင်း လက်ဝရွာ၊ မီးလက်ဝရွာ၊ မီးဇာရွာ နှင့် ပလက်ဝမြို့ပေါ်များသို့ တိမ်းရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲရှောင်များအနက် အများစုသည် AA နှင့် တပ်မတော်ကြား ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသူများ ဖြစ်ပြီး ယနေ့ထိ အိမ်မပြန်နိုင်ပဲ ဖြစ်နေကြောင်း သိရ သည်။
ထိုရွာများမှာ ကုန်းပြင်ရွာ၊ ခမောင်းဝရွာ၊ မောင်တလန်ရွာတို့ ဖြစ်ကြောင်း သိရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့မှ အချက်အလက်ကောက်ခံရေးတာဝန်ခံ ဆလိုင်းတေရကတော့ ပျက်စီးသွားသည့် ကျေးရွာများမှ တိုက်ပွဲရှောင် များသည် မီးဇာကျေးရွာတွင် အများဆုံး နေထိုင်လျက်ရှိကြောင်း၊ မီးဇာကျေးရွာ တွင် တိုက်ပွဲရှောင်နေသော ယင်ခံဝရွာ၊ ပီတောင်ရွာ၊ ဆတ်လိုင်ဝရွာ၊ကုန်းပြင်ရွာနှင့် ကင်းတလင်းရွာမှ ဒေသခံ ၆၀၀ ကျော်ရှိကြောင်း ဆိုသည်။
ထိုအထဲမှ ကင်းတလင်းရွာမှ ဒေသခံ ၂၀၀ ဦးကို ထန်တလန်မြို့နယ်၊ သီးကီးရ်ရွာသို့ ပြောင်း ရွေ့ပေးထား ကြောင်း ၎င်းက ပြောသည်။
ဗီးဇာကျေးရွာရှိ တိုက်ပွဲရှောင်များကို တွေ့ရစဉ် (Matupi Times Olthang )
ရွာပျက်၍ ပြန်စရာ မရှိဖြစ်နေသူများကို ရေရှည် နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လယ်ယာ မြေများ ရရှိရေး စီစဉ်ပေးရန်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ အချက်အလက်ကောက်ခံရေးတာဝန်ခံ ဆလိုင်းတေရက “ သူတို့တော့ အများကြီး အခက်အခဲကြုံနေရတယ်။ တစ်ခါတစ်လေ ပရဟိတအဖွဲ့တွေက လိုက်ကူညီတာ ရှိတယ်။ ဒါပေမယ့် နည်းနည်း ပါးပါးပဲ သူတို့ဖူလုံမှုမရှိဘူး ” ပြောသည်။
ပျက်သွားခဲ့သော ရွာများမှာ ပလက်ဝမြို့၏ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်အကွာ မြန်မာ- အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ပီချောင်းဒေသ တဝိုက်ရှိရွာများဖြစ်သည်။
တိုက်ပွဲရှောင်များကို လက်ခံထား သည့် မီးဇာကျေးရွာမှဆိုလျှင် ၂၅ မိုင် အကွာအဝေးမှာ တည်ရှိကြသော ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
ပျက်စီးသွားသည့် ကျေးရွာများသည် မီးဇာကျေးရွာသို့ တိုက်ပွဲရှောင်လာစဉ်က ကားလမ်းမရှိခြင်းကြောင့် တောလမ်းအတိုင်း တစ်ရက်ခန့် လမ်းလျှောက်ကာ သွားရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။
လက်ရှိတွင်လည်း ပလက်ဝဒေသအတွင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပလက်ဝမြို့နယ်ထဲသို့ တိုက်ပွဲရှောင်လာသူ ဦးရေ ထပ်မံ တိုးပွားလာနေကြောင်းလည်း ဆလိုင်းတေရက ပြော သည်။
တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး AA မှ တာဝန်ရှိသူသို့ မဇ္ဈိမမှ ဆက်သွယ်သော်လည်း နိုဝင်ဘာ ၁၈ ရက်နေ့ လယ်ပိုင်းအထိ ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။
လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ကာ လုံခြုံ ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းဝန်းကျင် နေထိုင်လျက်ရှိပြီး အများဆုံးမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကာ ရခိုင်၊ ဗမာနှင့် တခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြသလို စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် လျက်ရှိသည့် ဒေသဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/