နိုဝင်ဘာ ၁၂ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအပြည့်အသိပ် လိုက်ပါလာသော ရထားနှစ်စင်း နိုဝင်ဘာ ၁၂ ရက်က မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အခြား လူ ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Kasba မြို့ Mondobhag ဘူတာရုံတွင် ဖြစ်ပွားသော အဆိုပါ ရထားမတော်တဆမှုတွင် ရထားတွဲ သုံးတွဲလည်း သံလမ်းပေါ်ကနေ ချော်ထွက်ကာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့သည်။
ဒါကာကို ဦးတည်ထွက်ခွာခဲ့သော ရထားနှင့် စစ်တကောင်းသို့ ဦးတည်သွားခဲ့သော ရထားတို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။
“ လူ ၁၆ ဦး သေပါတယ်၊ အခြား ၅၉ ဦးကတော့ ဒဏ်ရာတွေ ရသွားခဲ့ပါတယ်၊ ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေကို ပို့ထားပေးပါတယ်” ဟု ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အနီဆူအာ ရာမန်က ပြောသည်။
ယခုကဲ့သို့ ရထားမတော်တဆမှုများသည် ဘင်္ဂလားဒေ့ရှ်တွင် မကြာခဏ ဆိုသလို ဖြစ်ပေါ်တတ်ပြီး ယင်းဖြစ်စဉ်အများစုသည် ရထားသံလမ်း အချက်ပြမီးစနစ် ချို့ယွင်းမှု၊ အခြေခံအဆောက်အအုံပိုင်း အားနည်းမှုတို့ကြောင့် အဓိကဖြစ်ပွားထားခဲ့သည်ဟု သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/