နိုဝင်ဘာ ၇ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုတွင် ပထမဆုံးသော အများပြည်သူရှေ့မှောက် ကြားနာစစ်ဆေးမှုကို လာမည့်အပတ်တွင် စတင်မည်ဟု ယင်းစစ်ဆေးမှုကို ဦးဆောင်လုပ်ဆောင်နေသော ကွန်ဂရက်အမတ်တစ်ဦးက ပြောသည်။
အဆိုပါ ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုသည် လူအများ စိတ်ဝင်စားနေသည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။
လာမည့်အပတ် နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် ယင်းကြားနာမှုတွင် ယူကရိန်းဆိုင်ရာ ဝါရှင်တန် အဆင့်မြင့်သံတမန် ဝီလီယမ် တေလာ နှင့် အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ကန့်တို့ သက်သေခံထွက်ဆိုရန် စီစဉ်ထားသည်။
လက်ရှိအချိန်အထိ အောက်လွှတ်တော် ကော်မတီ သုံးခုမှ ဥပဒေပြုအမတ်များက ယင်းကိစ္စနှင့် သက်ဆိုင်သည့် သက်သေများကို တံခါးပိတ် ကြားနာစစ်ဆေးမှုများ လုပ်ဆောင်ထားခဲ့သည်။
ယခုအခါ ထရမ့်အား စွပ်စွဲပြစ်တင်ရေးနှင့်ပတ်သက်၍ အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးမှုကို ပထမဆုံးအကြိမ် လုပ်ဆောင်သွားမည်ဖြစ်သည်။
သမ္မတ ထရမ့်အနေဖြင့် ၎င်း၏ နိုင်ငံရေးပြိုင်ဘက် ဂျိုး ဘိုင်ဒန်အား စုံစမ်းစစ်ဆေးရန် ယူကရိန်းအပေါ် ဖိအားပေးခဲ့သည်ဆိုသည့် ပြောဆိုချက်များအပေါ် ဗဟိုပြု၍ ယခု စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေခြင်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/