ရန်ကုန်။နိုဝင်ဘာ ၁။ ။ မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်သွားရန်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အရာရှိ Jennifer Peterson ကအောက် တိုဘာလ ၃၃ရက်နေ့က ပြော ဆိုခဲ့သည်။
“နောက်တစ်နှစ်ကျရင်တော့ ကျွန်မတို့ မြန်မာကောင်စီအိုင်စီတီနဲ့ ပူးပေါင်းပြီးတော့ ပိုပြီးတော့ ဒီထက်ကြီးတဲ့ နိုင်ငံလုံးနဲ့ချီတဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု အမေရိကန်သံရုံး အရာရှိ Jennifer Peterson ကဆိုသည်။
အွန်လိုင်းပေါ်တွင် လုံခြုံစိတ်ချရအောင်ဘယ်လိုနေမလဲဆိုသည့်အကြောင်း အသိပညာပေးမြှင့်တင်ရန် ၂၀၁၉ ခုနှစ် မြန်မာဆိုက်ဘာလုံခြုံရေးအသိပညာပေးပိတ်ပွဲအခမ်းအနား၌ သူကပြော ဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်တိုင်းနှင့်နေပြည်တော်တို့၌ အောက်တို ဘာလ တစ်လလုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုများကို အမေရိကန်အိုင်စီတီကောင်စီမြန်မာ (US ICT Council for Myanmar) အပါအဝင် မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ် (MCF) ၊ မြန်မာနိုင်ငံသတင်းအချက်အလက် လုံခြုံရေး အသင်း (MiSA) တို့ကကြီးမှူး၍ ပံ့ပိုးကူညီသည့် မိတ်ဖက်အဖွဲ့အစည်းများ ၊သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်နေလည်းဆိုတာကို ဥပမာပေးရမယ်ဆိုရင် ဒါနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ပေါ်ပေါက်ဖို့ ဒီမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေတာမျိုးတွေရှိပါတယ်”ဟု အမေရိကန်သံရုံး အရာရှိက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးလှုပ်ရှားမှုများ ပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ ဆိုက်ဘာလုံခြုံရေး အလေ့အထကောင်းများကို ဖန်တီးပေးပြီး အသိပညာများ မြှင့်တင်ပေးရန်၊ အင်တာနက် အသုံးပြုရာတွင် ဒေတာများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြံုမှုရှိစွာ အသုံးပြုနိုင်ကြရန်စသည်တို့ ပါဝင်ကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/