ရန်ကုန်၊ အောက်တိုဘာ ၁၁ ။ ။ အင်အား ပြင်းထန်သည့် တိုင်ဖွန်း ဟာဂီးဘီးစ် (Hagibis) သည် ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်ရှိသော်လည်း အောင်လအန်ဆိုင်းနှင့် ဖိုးသော်တို့ပါဝင်မည့် One Championship ပြိုင်ပွဲကို တိုကျိုမြို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းမှာ ဂျပန်နိုင်ငံအရှေ့ပိုင်းမှ ကုန်းတွင်း ပိုင်းသို့ အောက်တိုဘာ ၁၂ ရက်နေ့တွင် စတင်ဝင်ရောက်ရန်ရှိပြီး၊ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ ၁၄၀ ကီလိုမီတာ ရှိလာနိုင်သည်။
အောင်လအန်ဆိုင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အောက်တိုဘာ ၁၁ ရက်နေ့နံနက်ပိုင်းက “ဂျပန်တွင် မုန်တိုင်းဝင်ရောက် တိုက်ခတ် နေသော် လည်း One Championship အဖွဲ့အစည်းမှ Century ပြိုင်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားဖို့ လုပ်ဆောင်လျက်ရှိပါတယ်” ဟူ၍ ရေးသားကာ ပရိသတ်များကိုအသိပေးခဲ့ခြင်းဖြစ်သည်။
Century ပြိုင်ပွဲကြီးဟာ မုန်တိုင်းဝင်ရောက်နေဆဲကာလဖြစ်သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုကစားသမားအနေဖြင့် အောင်လနှင့် ဖိုးသော်တို့ ပါဝင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲရက်အတွင်း မြန်မာစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ဖိုးသော်မှ ယှဉ်ပြိုင်ထိုး သတ်သွားမည်ဖြစ်ပြီး အောင်လအန်ဆိုင်း၏ Light Heavy Weight ခါးပတ်ကာကွယ်သည့်ပွဲမှာ ညနေ ၅ နာရီခန့်တွင်စတင်မည်လည်းဖြစ်သည်။
အောင်လအနေဖြင့် ၎င်းအားစိန်ခေါ်သူ ဘရန်ဒန်ဗီရာနှင့် ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အားလုံးကို Skynet Sport HD၊ Skynet Sport 3နှင့် MRTV Entertainment channel တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်သည်။