အောက်တိုဘာ ၆ ။ ။ အမေရိကန်-မြောက်ကိုရီးယား အကြား နျူကလီးယားဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၅ ရက်က ဆွီဒင်မှာ ကျင်းပခဲ့ရာမှာပဲ ဆွေးနွေးမှု စတင်ပြီး ခဏအကြာမှာပဲ ရပ်ဆိုင်းလိုက်ရကြောင်း မြောက်ကိုရီးယားတို့က ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့အကြား အဆင့်မြင့်လယ်ဗယ် အလုပ်သဘော ဆွေးနွေးပွဲဟာ အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ရကြောင်း ပြုံယမ်းဘက်က ပြောဆိုသွားတာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်ကတော့ ယင်း ပြောဆိုချက်ကို ပယ်ချသွားခဲ့ပြီး ယင်းဆွေးနွေးပွဲမှာ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ တုန့်ပြန်သွားတဲ့အတွက် နှစ်ဘက် ပြောဆိုချက်တွေဟာ ကွဲလွဲနေလျက် ရှိပါတယ်။
နှစ်နိုင်ငံ အဆင့်မြင့် တာဝန်ရှိသူတွေဟာ ယင်းနေ့က ဆွီဒင်မှာ တွေ့ဆုံံခဲ့ကြပြီး နှစ်ဘက်အကြား ရှေ့မတိုး နောက်မဆုတ် အခြေအနေကို ဖြေရှင်းနိုင်ရေး မျှော်လင့်ချက်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးမှု စတင်ပြီး ခဏပိုင်းမှာပဲ ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီးယားဘက်က ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်ပြီး ရက်ပိုင်းအကြာမှာပဲ နှစ်နိုင်ငံအကြား တွေ့ဆုံံမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဘက် ခေါင်းဆောင်ကြီးတွေ တက်ရောက်ခဲ့ခြင်းမရှိတဲ့ ယင်းဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယားဘက်က ကင်မ်မြောင်ဂီလ် နဲ့ အမေရိကန်ဘက်က မြောက်ကိုရီးယားရေးရာ အထူးကိုယ်စားလှယ် စတီဖင် ဘီးဂန်း တို့ ဦးဆောင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/