ရာဘတ်၊ စက်တင်ဘာ ၁၀ ။ ။ မော်ရိုကိုနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေကြီးမှုကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ရေလွှမ်းနစ်မြုပ်ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက တနင်္လာနေ့က ပြောပါတယ်။
အီရာချီဒီယာမြို့အနားက တောင်ကြားမှာ တနင်္ဂနွေနေ့က အဆိုပါ ဘတ်စ်ကား တံတားပေါ် ဖြတ်သန်းချိန်မှာ လမ်းချော်တိမ်းမှောက်တာဖြစ်ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီ မတော်တဆမှုမှာ ခရီးသည် ၂၉ ဦး ထိခိုက်ဒဏ်ရာတွေ ရပေမယ့် စိုးရိမ်စရာ မရှိဘဲ ဆေးရုံတင်ပို့ ကုသပေးထားတယ်လို့လည်း ပြောပါတယ်။
အစပိုင်းမှာ ပျောက်ဆုံးနေပြီးမှ ပြန်တွေ့တဲ့ ကားဒရိုင်ဘာကိုတော့ ဆေးရုံမှာ တင်ထားကုသပြီး စစ်မေးရန်အတွက် ရဲအစောင့်အကြပ်နဲ့ ထားထားကြောင်း ဌာနေတာဝန်ရှိသူတွေက ပြောပါတယ်။
“ကျွန်မတို့ ကားက လမ်းပေါ် မောင်းနှင်နေရာကနေ ရုတ်ခြည်းဆိုသလိုပဲ ရေထဲ ထိုးကျတော့တာ ဖြစ်တယ်။”လို့ ခရီးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မော်ရိုနိုင်ငံမှာ ဒီနှစ်နွေရာသီမှာ မိုးသက်မုန်တိုင်းတွေ ကျရောက်ပြီး တောင်ထူထပ်ရာ အရပ်တွေမှာ ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/