စက်တင်ဘာ ၈ ။ ။ စံချိန်တင် လေတိုက်ခတ်မှု၊ မိုးရွာသွန်းမှုများ ဖြစ်လာစေနိုင်သည့် အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ စက်တင်ဘာ ၈ ရက် နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ကို တိုက်ရိုက် ကျရောက်ဖွယ် ရှိနေ၍ အရေးပေါ်သတိပေးချက် ထုတ်ထားရသည်။
မုန်တိုင်းကြောင့် လှိုင်းကြီးနိုင်မှု၊ မြေပြိုနိုင်မှု၊ ရေကြီးနိုင်မှု စသည့် အန္တရာယ်များနှင့်ပတ်သက်၍ အာဏာပိုင်များက သတိပေးထားရသည်။
တိုင်ဖွန်း မုန်တိုင်း Faxai သည် တစ်နာရီ အမြင့်ဆုံး လေတိုက်နှုန်း ၁၃၄ မိုင် ရှိနေပြီး စက်တင်ဘာ ၈ ရက်နှောင်းပိုင်းမှ စက်တင်ဘာ ၉ ရက် မနက်ခင်းအကြားတွင် တိုကျိုမြို့အနီး ကမ်းရိုးတန်း ဧရိယာများကို ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ပြောသည်။
ယခု တိုင်ဖွန်းကြောင့် စံချိန်တင် လေပြင်းထန်ပြီး မိုးသည်းထန်မှုှုများ ရှိလာနိုင်ကြောင်း မိုးလေဝသ အေဂျင်စီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် နာအိုဂျီ နာကာမူရာက ပြောသည်။
မုန်တိုင်းအန္တရာယ်ကြောင့် နိုင်ငံအနောက်ပိုင်း၊အလယ်ပိုင်းနှင့် တိုကျိုအကြား ချိတ်ဆက်ပြေးဆွဲသည့် ကျည်ဆံရထား အစင်း ၅၀ ၏ ခရီးစဉ်များ ဖျက်သိမ်းထားရပြီး တိုကျို နှင့် ချိတ်ဆက်ပြေးဆွဲသည့် ဖယ်ရီရေယာဉ်ခရီးစဉ်များကိုလည်း ရပ်ဆိုင်းထားရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/