ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲညှစ်ပြီးစားကြတာများတယ်နော်။ အခွံကိုတော့ ဒီအတိုင်းထားလိုက်တာများပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ အခွံမှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။
သံပရာခွံမှာပါတဲ့ အာဟာရဓာတ်တွေ
သံပရာသီးက အရွယ်အစားအားဖြင့်သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ တော်တေ်ာလေးများပါတယ်။ သံပရာခွံမှာ
- ကယ်လ်လိုရီ၊
- ကာဗိုဟိုက်ဒရိတ်၊
- ပရိုတင်း၊
- အဆီ၊
- အမျှင်ဓာတ်၊
- ဗီတာမင် C၊
- သံဓာတ်၊
- ကယ်လ်ဆီယမ်၊
- ဗီတာမင် B6၊
- သီရာမင်း၊
- ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။
သံပရာခွံပါ ဝါးစားပါလို့ပြောရတဲ့ အကြောင်းအရင်းတွေကဘာတွေလဲ……
အရိုးတွေသန်မာစေနိုင်တယ် – သံပရာခွံမှာ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို ဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အားဖြည့်ပေးပါတယ်။
ကိုယ်ခံအားကောင်းစေ နိုင်တယ် – သံပရာခွံမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး ဖျားနာမှုတွေကနေ ကင်းဝေးစေမှာပါ။ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်ေးနေစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။
ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်တယ် – သံပရာခွံမှာ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။
အသားအရေကို ကောင်းမွန်စေနိုင်တယ် – ဗီတာမင် C ကြွယ်ဝတဲ့ သံပရာခွံက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးပြီး ကြည်လင်လှပနေစေမှာ အသေအချာပါ။
သွေးတိုးကျစေနိုင်တယ် – သံပရာခွံက ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင်း သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး သွေးတိုးကျစေနိုင်မှာပါ။ ဒါကြောင့် သွေးတိုးရှိသူတွေ စားပေးသင့်တဲ့ ဆေးဖက်ဝင် စားစရာတစ်ခုပါ။
အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် – သံပရာခွံမှာ အစာခြေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ပံ့ပိုးပေးနိုင်မှာပါ။ ဒါ့အပြင် အူရောင်တာကို သက်သာစေနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
နှလုံးကျန်းမာစေနိုင်တယ် – ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင့် သွေးမတိုးအောင်ကာကွယ်ပေးနိုင်မှတော့ နှလုံးကျန်းမာရေးကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒါကြောင့် နှလုံးရောဂါကာကွယ်ချင်သူတွေ စားသုံးပေးလို့ရပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ် – သံပရာခွံမှာပါတဲ့ limonene နဲ့ flavonoids တို့က ကင်ဆာကျိတ်တွေထပ်မပွားအောင် ကာကွယ်ပေးပါတယ်။ ခံတွင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/