ရန်ကုန်၊ စက်တင်ဘာ ၅ ရက် ။ ။ တပ်မတော်ထောက်ပို့လေယာဉ် Y8 ဟာ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ပြေးလမ်းချော်ခဲ့ရာ ယနေ့ ညနေ ၄ နာရီအထိ ရန်ကုန်လေဆိပ်ကို ပိတ်ထားရကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်လေဆိပ်က ပြေးလမ်းအတက်မှာ လမ်းချော်ခဲ့ခြင်း ဖြစ်ပြီး ကွင်းကို ရှင်းလင်းရန် ရန်ကုန်လေဆိပ်ကို ခေတ္တပိတ်ထားရခြင်း ဖြစ်သည်။
''မူလက ၃ နာရီလောက်ကြာမယ်လို့ ခန့်မှန်းပြီး ၁၁ နာရီ ၂၀ မိနစ်ကနေ ၂ နာရီ ၂၀ အထိ လေယာဉ်ကွင်း ပိတ်တဲ့အကြောင်း စာထုတ်ထားတယ်။ အခု ၂ နာရီ ၂၀ မှာလည်း မပြီးသေးဘူး၊ လေယာဉ်ပျံ ဆွဲထုတ်လို့ မရသေးတော့ ညနေ ၄ နာရီအထိ ထပ်တိုးပြီးတော့ စာထုတ်ပြန်ထားတယ်'' ဟု ဦးရဲထွဋ်အောင်က ပြောသည်။
လက်ရှိတွင် လေယာဉ်ကွင်းကို ခေတ္တပိတ်ထားခြင်းကြောင့် ပြည်တွင်းလေကြောင်းလိုင်း MNA နှင့် Air KBZ လေယာဉ် ၄ စင်းမှာ နေပြည်တော်တွင် သွားရောက်ဆင်းသက်ပြီး စောင့်ဆိုင်းနေရကြောင်း သိရသည်။
ပြေးလမ်း ယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများ ဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန် ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရန်ကုန်လေဆိပ်မှ ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းကလည်း ပြည်တွင်း GMA လေယာဉ်ခရီးစဉ်အမှတ် Y5 - 506 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းတွင် ရှေ့ဘီးမတော်တဆမှုဖြစ်ပွားသောကြာင့် လေယာဉ်ပြေးလမ်း ခေတ္တပိတ်ထားခဲ့ရကာ လေယာဉ်ချိန်နောက်ကျမှုများ ဖြစ်ပေါ်ခဲ့သည်။
''တပ်မတော် လေတပ်က Y8 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်တယ်။ သူက လေ့ကျင့်ရေးလုပ်ဖို့ တက်တဲ့ လေယာဉ်ဖြစ်ပါတယ်။ ခရီးသည် မပါပါဘူး။ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိပါဘူး။'' ဟု ၄င်းက ဆက်လက် ပြောသည်။
အဆိုပါ လေယာဉ်သည် တရုတ်နိုင်ငံထုတ် စစ်ဘက်သုံးကုန်တင်လေယာဉ်အမျိုးအစား ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း Y8 လေယာဉ်တစ်စင်း တနင်္သာရီကမ်းရိုးတန်းတွင် ပျက်ကျခဲ့ကာ တပ်မတော်အရာရှိများ၊ မိသားစုများ စုစုပေါင်း လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/