လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားကြမယ့် ဥရောပစူပါဖလား (ယူအီးအက်ဖ်အေ စူပါဖလား) ပွဲစဉ်ကို ပြင်သစ်အမျိုးသမီးကွင်းလယ်ဒိုင် စတက်ဖာနီ ဖရက်ပတ်က တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး ဥရောပပြိုင်ပွဲထိပ်တန်းအဆင့် အမျိုးသားပွဲစဉ်တစ်ပွဲကို ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဖရက်ပတ်က "အမျိုးသမီးနဲ့ အမျိုးသားကြားမှာ အများကြီး ခြားနားမှု မရှိပါဘူး။ အကြောင်းကတော့ ဘောလုံးမှာ တူညီမှုရှိလို့ပါ။"လို့ ပြောပါတယ်။
"ကျမတို့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်အများကြီး လေ့ကျင့်ခဲ့ရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့ဟာ ဒီပွဲအတွက် ကြောက်ရွံ့မှု မရှိပါဘူး။ ကျမတို့က ပွဲစဉ်တိုင်းအားလုံးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေလို့ပါ။"
ဖရက်ပတ်ဟာ ပြီးခဲ့တဲ့ ဧပြီလက အေမီယန်နဲ့ စထရာဘော့တို့ရဲ့ ပွဲစဉ်ကို တာဝန်ယူခဲ့ပြီး လီဂူ-၁ ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က "အရမ်းအရေးကြီးတဲ့ ပွဲကြီးတစ်ပွဲ၊ သန်းချီတဲ့ ပရိသတ်ရှေ့မှောက်မှာ ကွင်းလယ်ဒိုင်အဖြစ် အမျိုးသမီးတစ်ဦးကို နောက်ဆုံးတော့ ကျနော်တို့တွေ ယူဆောင်လာနိုင်ခဲ့ပါပြီ။ တကယ်တော့ ကျနော်က ဂျာမနီမှာ ဖြတ်သန်းစဉ်ကတည်းက အမျိုးသမီးဒိုင်တွေနဲ့ တွေ့ဆုံဖူးပါတယ်။ အခုလို သမိုင်းဝင်အခိုင်အတန့်တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရတာ ကျနော်တို့ အရမ်းဝမ်းသာပါတယ်။"လို့ ဆိုခဲ့ပါတယ်။
Ref; AFP