သြဂုတ် ၆ ။ ။ မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဦးမင်းသူကို မြန်မာ့ လက်ရွေးစင် ယူ ၁၅ အသင်း နည်းပြချုပ် အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
မြန်မာ ယူ၁၅ အသင်းအား AFF U-15 Boys Championship 2019 ပြိုင်ပွဲတွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန် နိုင်ငံသားနည်းပြ တော်စတန်သည် အသင်းနှင့်ဆက်လက် လက်တွဲဆောင်ရွက်တော့မည် မဟုတ်ကြောင်း ယင်း၏ သဘောဆန္ဒအတိုင်း တင်ပြလာသဖြင့် လက်ခံခဲ့ပြီး AFC - A လိုင်စင် နည်းပြတစ်ဦး ဖြစ်သည့် ဦးမင်းသူအား စာချူပ် တစ်ရပ်ဖြင့် ချူပ်ဆို တာဝန်ပေးရန် စီစဉ်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သြဂုတ် ၆ ရက်နေ့တွင် ကြေညာသည်။
မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်း ဦးမင်းသူသည် ရှမ်းယူနိုက်တက် လူငယ်အသင်းများကို အောင်မြင်မှုများစွာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သလို လက်ရှိတွင် ရှမ်းယူနိုက်တက် ယူ-၁၉၊ ယူ-၂၁ အသင်းများတွင် မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။
ဦးမင်းသူ အနေဖြင့် နည်းပြသက်တမ်း တလျှောက် မြန်မာ့ လက်ရွေးစင်အသင်းတစ်သင်းအား ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူကိုင်တွယ်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ ၁၅ အသင်းအနေဖြင့် လာမည့် UEFA Assist Program အရ မန္တလေးမြို့တွင် ကျင်းပမည့် လေးနိုင်ငံ ယူ ၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U16 ချန်ပီယံရှစ် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရန် ရှိနေသည်။